ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ မိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်မှာ သီလရှင်ဝတ်နေတဲ့ သီလရှင်ဆရာလေးတစ်ပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သီလရှင် ဆရာလေးဟာ ဇူလိုင်လ ၁ ရက်နေ့က နေမကောင်းဖြစ်ပြီး အနံ့မရတာကြောင့် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ကနေအိမ်မှာ နေထိုင်ဆေးကုသပြီး ဇူလိုင် ၅ ရက်နေ့မှာ ရပ်ကွက်တာဝန်ရှိသူတွေဆီ အကြောင်းကြားပြီး ကျန်းမာရေးစစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာပါ။
ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက "ဆရာလေးက မိုးကုတ်ဓမ္မရိပ်သာကျောင်းမှာ သီလရှင်ဝတ်တယ်။ ဖျားနေလို့ အိမ်ပြန်သွားပြီး ဆေးစစ်တာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့တဲ့အတွက် မိုးကုတ်ဓမ္ဓရိပ်သာကျောင်းတိုက်ကိုလည်း အဝင်အထွက် ကန့်သတ်တာတွေ့ရတယ်။ ဆရာလေး နေအိမ်ကိုလည်း အဝင်အထွက် ကန့်သတ်လိုက်တယ်" လို့ ပြောပါတယ်။
လက်ရှိမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဆရာလေးနေထိုင်ရာ ပမ္မတီးရပ်ကွက် နေအိမ်အား အသွားအလာကန့်သတ်ကာ မိသားစုဝင်တွေကို ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပေးနေပြီး ဆရာလေးကိုတော့ ကျန်းမာရေးဌာနကို ပို့ဆောင်ဆေးကုသပေးထားတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေနဲ့ ဆက်စပ်တဲ့ နေအိမ်တွေနဲ့ စားသောက်ဆိုင်တွေကိုလည်း အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။