ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဇူလိုင် ၅ ရက်မနက်ပိုင်းက ရွှေမုဌောစေတီတော်မှာ အမျိုးသမီး ၁ ဦး အသက်ရှူကြပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အသက်ရှူကြပ် သေဆုံးခဲ့သူ အမျိုးသမီးဟာ စေတီပေါ် ဘုရားဖွင့်ချိန် မနက် ၇ နာရီ ကျော်လောက်မှာ ဝင်ရောက်လာပြီး ၈ နာရီလောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ အဖော်မပါဘဲ လာသူဖြစ်ပြီး ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတာ အတည်အကျ မသိရသေးတာကြောင့် မိသားစုဝင်တွေအနေနဲ့ ဂေါပကအဖွဲ့ကို ဆက်သွယ်ဖို့ ပြောဆိုထားပါတယ်။
ပုသိမ်မြို့မှာတော့ ဇူလိုင်လဆန်းပိုင်းက စပြီး ကိုဗစ်ရောဂါပိုး တွေ့ရှိမှု နေ့စဉ် ၁၀၀ ဝန်းကျင်လောက်ရှိနေသလို သေဆုံးသူလည်း ၃ ဦးထိရှိတာကြောင့် ခုလို ဘုရားပေါ်မှာ သေဆုံးတဲ့ အမျိုးသမီးဟာလည်း ကိုဗစ်ကြောင့် သေဆုံးရတာဖြစ်ဖို့ များတယ်လို့ ဒေသခံတွေက မှတ်ချက်ပြု ပြောဆိုပါတယ်။
ပုသိမ်ရွှေမုဌောစေတီတော်ကြီးကို NLD အစိုးလက်ထက်က ကိုဗစ်ကာကွယ်ရေးအတွက် ယာယီပိတ်ထားခဲ့ပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လပိုင်းအကြာမှာ ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။