ပုသိမ်ခရိုင် ကျောင်းကုန်းမြို့၊ မြို့မရဲစခန်းက ရဲအရာရှိတစ်ဦးနဲ့ ရဲမိသားစုဝင် ၁၁ ဦး ကိုဗစ် ၁၉ ကူးစက်ခံရတယ်လို့ မြို့နယ်ကျန်းမာရေးဌာနရဲ့ စာရင်းတွေမှာ အတည်ပြုဖော်ပြထားပါတယ်။
ကျောင်းကုန်းမြို့ခံတစ်ဦးက “ရဲတစ်ယောက် အနံ့ပျောက်လို့ စစ်ကြည့်တော့ ကိုဗစ်တွေ့လို့ သူနဲ့ထိတွေ့တဲ့ ၇၉ ဦးကိုစစ်ပေးတယ်၊ အဲ့မှာ ၁၁ ယောက်က ပိုးထပ်တွေ့တယ်။ သူတို့ကို ရဲဝန်ထမ်းအိမ်ရာ အသစ်မှာထားပြီးတော့ ကျန်းမာရေးမှူးကိုယ်တိုင် ကုပေးနေတယ်၊ အခွင့်ထူးခံတာပေါ့ဗျာ။ ပြည်သူတွေကိုကျ သေချာမစစ်ပေးဘူး၊ သေချာမကုပေးဘူး၊ သူတို့ကျတော့ ကြောက်ပြီးစစ်လိုက်တာ အကုန်ပဲ၊ အမေစုနဲ့ အရမ်းကွာတယ်။ အမေစုက ကာကွယ်ဆေးထိုးတာတောင် ပြည်သူတွေ မထိုးရသေးဘဲ သူ ထိုးရမှာ တောင်းပန်ခဲ့သေးတာ” လို့ ပြောပါတယ်။
ရောဂါထိန်းချုပ်ဖို့နဲ့ ကာကွယ်ဖို့လုပ်ဆောင်တာ မတွေ့ကြောင်း၊ ရောဂါကူးတာ များလာပါက မြို့ကို လော့ခ်ဒေါင်းချမှာဖြစ်ပြီး ပြည်သူတွေအတွက် စေတနာမပါကြဘူးလို့ ကျောင်းကုန်းမြို့နယ်နေထိုင်သူ တစ်ဦးက ဝေဖန်ပြောကြားပါတယ်။
ဇူလိုင် ၃ ရက်နေ့အထိ ကျောင်းကုန်းမြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၆၇ ဦးထိ ရှိနေပါတယ်။