အင်းစိန်၊ ပိန္နဲကုန်းရပ်ကွက်မှာ ဒလန်လို့သတ်မှတ်ခံနေရတဲ့ အသက် ၅၀ အရွယ် ဦးမောင်မောင်ဟာ သေနတ်နဲ့သုံးချက်ပစ်ခတ်ခံရပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ရပ်ကွက်မှာနေထိုင်သူတစ်ယောက်က ပြောပါတယ်။
ဇွန် ၃၀ ရက်နေ့မနက် ၈ နာရီခွဲလောက်က ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ ၃ လမ်းမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ဦးမောင်မောင် သေဆုံးခဲ့တာဖြစ်ပါတယ်။
ဦးမောင်မောင်ဟာ အင်းစိန်ပေါက်တောဝနဲ့ ရုပ်ရှင်ရုံလမ်းထိပ်သပိတ်တွေမှာ ပါဝင်တဲ့ လူငယ်တွေရဲ့ သတင်းတွေကို စစ်ကောင်စီဆီ ပေးပို့တာတွေရှိတယ်လို့ ရပ်ကွက်နေသူတွေက စွပ်စွဲထားပါတယ်။
ဦးမောင်မောင်ဟာ ရပ်ကွက်အတွင်း ၂ လုံးထီရောင်းတဲ့အလုပ်နဲ့ ဝင်ငွေရှာသူဖြစ်တယ်လို့လည်း သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာ သရက်ခြံ ၃ လမ်းကို စစ်ကောင်စီတပ်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
အင်းစိန်မြို့နယ်မှာ မတ်လဆန်းကစပြီး လူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဆက်တိုက်ဆင်နွှဲခဲ့ပါတယ်။ စစ်ကောင်စီက အင်းစိန်သပိတ်ကို အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့သလို လူငယ်တစ်ရာကျော် အဖမ်းခံထားရတယ်လို့လည်း သပိတ်မှာ ပါဝင်တဲ့လူငယ်တွေက ပြောပါတယ်။