ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် ရုံးပေါင်းစုံထဲ မြို့နယ်ပညာရေးမှူးရုံးဝင်းထဲမှာ ဇွန်လ ၂၉ ရက်နေ့ ဒီကနေ့ညပိုင်း ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ည ၇ နာရီ ၁၅ မိနစ်လောက်မှာ ပုသိမ်မြို့နယ်ပညာရေးမှူးရုံးဝင်းထဲ ဗုံးပေါက်ကွဲတဲ့ အသံကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "ခုနလေးတင်ပေါက်တာ ရုံးဝင်းထဲလား အပြင်လား မပြောတက်သေးဘူးဗျ။ ပုသိမ်မှာ မပေါက်တာကြာပြီ၊ ဒီနေ့မှ ပြန်ပေါက်တာ” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ မြို့နယ်ပညာရေးမှူးရုံးထဲကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်ရှိစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ မရှိ ဆိုတာကိုတော့ အတည်ကျမသိရသေးပါဘူး။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလပိုင်းကစတင်ကာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ဒီနေ့ထိဆိုရင် ၈ ကြိမ်လောက်ရှိပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။