စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲမှာ ပြည်သူပေါင်း ၁၀,၀၀၀ ကျော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်နေရပြီး စားသောက်ရေးနဲ့ နေထိုင်ရေး အခက်အခဲတွေနဲ့ တွေ့ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက် စစ်တပ်တွေက ရွာတွေကို ဝင်ရောက်တပ်စွဲ ဖျက်ဆီးပြီး လူငယ်နဲ့ PDF တွေကို ဖမ်းဆီးနေတာကြောင့် ရွာသားတွေ ရွာလုံး ကျွတ်ထွက်ပြေးနေကြရတာပါ။
“တင်းရွာကို ဇွန် ၁၄ ရက်မှာ တပ်ကဝင်တော့ တိုက်ပွဲတစ်ခါဖြစ်တယ်။ ၁၅၊ ၁၆ ရက်တွေက ကျောက်ခဲတက်ရွာကို ဝင်တပ်စွဲပြီး ဖျက်ဆီးတယ်။ ၁၇ ရက်နေ့မှာတော့ သင်တော၊ ညောင်ပင်သာ၊ အုန္နဲနဲ့ ဘုတ်ကျေးရွာတွေကို ဝင်တယ်။ ကနီမြို့နယ်က ကင်းရွာ၊ မိကျောင်းတွင်းရွာတွေကို၀င်တော့ တိုက်ပွဲဖြစ်တယ်။ ပြီးတော့ သူတို့က လူငယ်တွေကို လိုက်ဖမ်းတယ်" လို့ ဒေသခံ PDF တစ်ဦး ပြောပါတယ်။
အခုတော့ ပင်တင်းရွာ၊ လက်ချိတ်၊ နှင်းကြီး၊ ဖက်ခတ်၊ တုံပါ၊ တောင်ဖြူ၊ ကုန်းရင်း၊ အနောက်တော၊ အိုးဘို၊ ဘိုင်၊ ရွာသစ်ကုန်း ၊ တုံရွာ၊ ကျောက်ခဲတက်၊ သံပေါက်၊ ထီသာလုပ်၊ ဝက်ပုတ်၊ စမြင်ကြီး၊ ပြောင်းဇင်း၊ မောက္ကတော်နဲ့ ရှဲရွာဘက် ရွာသားတွေ ဘေးလွတ်ရာရှောင်ပြေးကြရင်း တောတောင်တွေထဲ ခက်ခက်ခဲခဲနေထိုင်နေကြရပါတယ်။
“အခု ရွာတွေတိုင်းမှာ လူတွေ လုံးဝကို မနေကြတော့ဘူး။ ညပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ရွာတွေထဲကိုဝင်ပြီး ပစ္စည်းတွေယူတာမျိုးလည်းရှိတယ်။ မနေ့ကဆို ကျောက်ခဲတက်ရွာကို ဝင်ပြီး Faw ကား ၂ စီးစာနဲ့ ထော်လာဂျီတစီးစာ ပစ္စည်းတွေ သယ်သွားတယ်။ ရှောင်နေကြရတဲ့ လူတွေအတွက် စားနပ်ရိက္ခာဝင်နိုင်မယ့် လမ်းတောင် မရှိသလောက်ဖြစ်နေတယ်ဗျ” လို ဒေသခံ တစ်ဦးက ပြောပါတယ်။
ကုန်းလမ်းနဲ့ ရေလမ်း နှစ်မျိုးလုံးကို ပိတ်ဆို့ကန်သတ်ထားတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်မယ်ထင်တဲ့ နေရာအနှံ့မှာ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) နှစ် ယောက်နဲ့ ပြည်သူ ၄ ယောက်ကျဆုံးခဲ့တယ်လို့လည်း ဒေသခံ PDF တစ်ဦးက ပြောပါတယ်။
"ဇွန် ၂၄ ရက်က စစ်ကောင်စီက တိုက်ခိုက်လို့ တုံရွာက ၄ ယောက်၊ စမြင်ကြီးရွာက ၁ ယောက်၊ မိုးကောင်းရွာက ၁ ယောက် ကျဆုံးတယ်။ ၅ ယောက်လောက် ဒဏ်ရာရပြီး ၁ ယောက်ပျောက်နေတယ်၊ ကျဆုံးသူတွေထဲမှာ အမျိုးသမီး တစ်ယောက်လည်းပါတယ်။ PDF က ၄ ယောက် ပါပါတယ်”
ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်ပြီး ခုခံတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း မင်းကင်း မြို့နယ်ထဲမှာ စစ်ကောင်စီဘက်က အယောက် ၃၀ ကနေ ၄၀ လောက် သေဆုံးခဲ့ပြီလို့လည်း သူက ဆိုပါတယ်။
ဇွန် ၂၇ ရက် မနက်ပိုင်းမှာတော့ အဲဒီဒေသမှာ အခြေအနေတည်ငြိမ်နေခဲ့ပြီး နေ့လယ်ပိုင်းမှာ ကျောက်ခဲတက်ရွာကို စစ်တပ်က ၀င်ရောက်စီးနင်းရှာဖွေနေပါတယ်။