မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မှာ ဇွန် ၂၆ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ယောက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
နတ်မောက်ပြည်သူ့ဆေးရုံကြီးမှာ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက အနံ့ပျောက်တဲ့သူတွေကို RDT နဲ့ စစ်ဆေးခဲ့ရာ ၃ ယောက်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး အဲဒီလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို ဇွန် ၂၆ ရက်နေ့ထပ်မံ စစ်ဆေးရာ ကိုဗစ်-၁၉ လူနာ ၆ ယောက်ထပ်တွေ့ခဲ့တာလို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
အဲဒီ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေဟာ ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်တာကြောင့် စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ဘယ်ကနေ ကူးစက်ခံရတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ၉ ယောက်ကို နတ်မောက်ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတယ်လို့ သိရပါတယ်။