ကချင်ပြည်နယ် ချီဖွေမြို့အကျော် ၄ မိုင်ဂိတ်နားမှာ ဇွန်လ ၂၆ ရက်က ပန်ဝါ သတ္တုတွင်းဘက်က ပြန်လာတဲ့ ဆီဘောက်ဆာကားတစ်စီး ချောက်ထဲထိုးကျ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ချီဖွေဒေသခံတစ်ဦးက “၄ မိုင်ဂိတ်အကျော်နားလေးမှာ ဟုတ်တယ်။ ဆီဘောက်ဆာကားတစ်စီး ချောက်ထဲ အရှိန်လွန်ပြီး ထိုးကျသွားတာ။ ကားသမား သေသလား ရှင်သလားတော့ မသိဘူး”လို့ ပြောပါတယ်။
အဆိုပါ ချီဖွေ-ပန်ဝါလမ်းကြောမှာ သေးငယ်ပြီး အကွေ့အကောက်များကာ လမ်းလည်းဆိုးပြီး ရွှံ့ဗွက်တွေ ရှိတာကြောင့် ယာဉ်ငယ်တွေကအစ သတိထားသွားလာနေရတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပိုမိုလုပ်ကိုင်လာတဲ့ ပန်ဝါဘက်ရှိ သတ္တုတွင်းတွေမှာ လောင်စာဆီ လိုအပ်ချက်မြင့်မားမှုကြောင့် ဆီဆိုင်ပိုင်ရှင်တွေက တစ်နေ့ကို ဆီဘောက်ဆာကား အစီး နှစ်ဆယ်၊ သုံးဆယ်ခန့် မြစ်ကြီးနားဘက်ကနေ တင်သွင်းနေကြတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ မေလက ဝိုင်းမော်မှာ ဆီဘောက်ဆာကားသုံးစီးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ပစ်ခတ်ဖျက်ဆီးခဲ့တာကြောင့် ကားသမားတစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် ဆီဘောက်ဆာကားတွေဟာ အဖြူ အစိမ်း အစရှိတဲ့ အလံတွေကို တပ်ဆင်ကာ လောင်စာဆီတွေ ပြန်လည်သယ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။