Home
မြန်မာသတင်း
ရေမွန်(Idiots)ဝတ်ခဲ့သည့်အင်္ကျီ နာရီပိုင်းအတွင်း ငွေကျပ် ၂၄ သိန်းဖြင့် လေလံအောင်
DVB
·
June 26, 2021
204580750_946299742830903_1490281532062099930_n

Idiots တေးဂီတအဖွဲ့က ကွယ်လွန်သူ အဆိုတော် ရေမွန် ဝတ်ခဲ့တဲ့ အင်္ကျီတထည်ကို လေလံတင်ရောင်းချခဲ့ရာမှာ နာရီပိုင်းအတွင်း ငွေကျပ်  ၂၄ သိန်းနဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

Idiots အဖွဲ့ရဲ့ လိုဂိုနဲ့ ဓာတ်ပုံပါ အနက်ရောင်အင်္ကျီကို လေလံကြမ်းခင်းစျေး ၃၂,၀၀၀ ကျပ်က စတင်ထားခဲ့တာဖြစ်ပြီး Myoma Makyaw အမည်နဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကနေ တင်ထားခဲ့တာ ဖြစ်ပါတယ်။

“ကျန်ခဲ့တဲ့ Idiots Members တွေရယ်… လက်မှတ်ပါပါမယ်ခင်​ဗျာ… ဒီအင်္ကျီလေးကို တွတ်ပီက ဝတ်ထားရင်း လူတစ်ယောက်ကို ပေးခဲ့တယ်တဲ့… အဲ့သူက ဒီအင်္ကျီလေးကို လိုချင်တဲ့သူရှိရင် ရောင်းမယ်တဲ့… ရောင်းရပိုက်ဆံကို အမကိုပေးပြီး တွတ်ပီအလှူအတွက် ပေးခိုင်းနေပါတယ်… အဲ့အင်္ကျီကို တွတ်ပီဝတ်ခဲ့တဲ့ သက်သေလည်း ရှိပါတယ်… လိုချင်တဲ့သူတွေ အတွက်ပါ… လေလံစျေးကို ည ၉ နာရီမှာ ပိတ်ပါမယ်”

ပို့စ်တင်ပြီးပြီးချင်းမှာပဲ ရေမွန်ရဲ့ ပရိသတ်တွေက ဒီအင်္ကျီကို အပြိုင်လေလံဈေး ပေးဝယ် ယူမှုတွေ ရှိနေပြီး နောက်ဆုံးအမြင့်ဆုံးလေလံဈေး ကျပ် ၂၄ သိန်းနဲ့ Yan Naung Win အကောင့်က ရရှိသွားခဲ့တာပါ။

အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရေမွန်ဟာ အဆိုတော် ခင်မြတ်မွန်ရဲ့ ရင်သွေး၊ အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကိုတော်စပ်ပြီး လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ တေးရေး၊ တေးဆိုတယောက်အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

       အဆိုတော် ရေမွန်ရဲ့ ဈာပနအခမ်းအနားကိုတော့ မေ ၂၅ ရက်နေ့က KNU တပ်မဟာ ၆ ဘဲဟိကလော် ကျေးရွာသုဿန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကရင် လက်နက်ကိုင် ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံကာ စစ်အာဏာရှင် စနစ်ပျက်သုဉ်းရေးအတွက် နိုင်ငံရေး/စစ်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ လူငယ်အဆိုတော် ရေမွန် ခေါ် တွတ်ပီဟာ ဇွန်လ ၂၃ ရက်က အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။

ရေမွန်ရဲ့ နာရေးမှာ ဒေသတွင်း တေးချစ်သူ ပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတော်လှန်ရေး ရဲဘော်ရဲဘက်တွေ စုစုပေါင်း ၂၀၀ နီးပါး လိုက်ပါပို့ဆောင်ပေးခဲ့ကြ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024