မွန်ပြည်နယ်၊ မော်လမြိုင်မှာ လူငယ် ၂ ဦး ပစ်သတ်ခံရမှုကို အာဏာသိမ်းစစ်ကောင်စီ MRTV ရဲ့ ဇွန်လ ၂၁ ရက်နေ့ ည ၈ နာရီသတင်းမှာ သတင်းအမှား ထုတ်လွှင့်ခဲ့ပါတယ်။
MRTV ထုတ်လွှင့်တဲ့ သတင်းအရ အဲဒီလူငယ် ၂ ဦးဟာ လုံခြုံရေးတပ်ဖွဲ့တွေကို ဆိုင်ကယ်နဲ့ ဝင်တိုက်ပြီး သေနတ်ဝင်လုလို့ ခြောက်လှန့် ပစ်ခတ်ရာမှ သေဆုံးသွားတယ်လို့ ဆိုထားပါတယ်။
ဖြစ်စဉ်အမှန်မှာ သေဆုံးသွားတဲ့ လူငယ် ၂ ဦးဟာ ဇွန် ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက် ချောင်းဆုံကနေ မော်လမြိုင်ကို ဧည့်လာပို့စဉ် ကျောက်မီးသွေးရုံမီးပွိုင့်အရောက်မှာ ဆိုင်ကယ် မရပ်ပေးလို့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာပါ။
ပစ်သတ်ခံရတဲ့ လူငယ် ၂ ဦးဟာ ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာနေသူ ကိုမိုးဇော်ဦးနဲ့ ကိုဇော်မင်းဦးတို့ဖြစ်ပြီး ဇွန်လ ၂၁ ရက်က သူတို့နေထိုင်ရာရွာမှာ ဈာပန ပြုလုပ်ခဲ့ပါတယ်။
MRTV က ထုတ်လွှင့်တဲ့ သတင်းမှာတော့ သေဆုံးသွားတဲ့ လူငယ် ၂ ဦးက ဆိုင်ကယ်နဲ့ ဝင်တိုက်ခဲ့လို့ ရဲတစ်ဦး ဒဏ်ရာရရှိပြီး မော်လမြိုင်ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုထားပါတယ်။