မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ အမှတ် (၁) ရပ်ကွက်မှာနေတဲ့ အသက် ၈၇ နှစ်အရွယ် အဘွားတစ်ဦးအပါအဝင် ၃ ဦးမှာ ဇွန် ၂၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ရပ်ကွက်ထဲက လင်မယား ၂ ဦး ကလောဘက်သွားပြီး ပြန်လာရာက ခင်ပွန်းဖြစ်သူ ဖျားလာတယ်။ သံသယရှိတာနဲ့ ရပ်ကွက်ဓမ္မာရုံမှာ ကွာရန်တင်းဝင်တယ်။ အဲဒါနဲ့ မလှိုင်ဆေးရုံမှာ RDT နဲ့စစ်လိုက်တော့ ရောဂါပိုးတွေ့တယ်တဲ့။ အဲဒီအမျိုးသားရဲ့ဇနီးနဲ့ အသက် ၈၇ နှစ်အရွယ် အမေကိုလည်း RTD နဲ့ စစ်တော့ ထပ်တွေ့တယ်။ ထိစပ်သူ ၆ ဦးကိုတော့ ကွာရန်တင်း ဝင်ခိုင်းထားတယ်”လို့ အဲဒီမြို့ခံက ပြောပါတယ်။
ဇွန်လ ၈ ရက်နေ့မှာ မန္တလေးက ပြန်လာတဲ့ ဝမ်းတွင်းမြို့နယ်၊ လေးမျက်နှာရွာနေ အသက် ၆၀ ကျော် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ဇွန် ၁၈ ရက်နေ့ကလည်း မန္တလေးပြန် သုံးဒေါင့်အိုင်ရွာနေသူ အမျိုးသား ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့လို့ မိတ္ထီလာခရိုင်ထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၆ ဦးရှိနေပြီ ဖြစ်ပါတယ်။