ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်မှာ ဇွန်လ ၂၀ ရက် ညပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာ ကြောင့် လူနေအိမ် ၂၄ လုံးလောက် ပျက်စီးဆုံးရှုံးသွားပါတယ်။
အကယ်ရိုးကျေးရွာ၊ သဲကုန်ကျေးရွာနဲ့ ချောင်းဖျားကျေးရွာတွေက နေအိမ် ၂၄ လုံး မနေ့က ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် အမိုးလန် ပြိုကျ ပျက်စီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ညပိုင်းက လေရော မိုးရောချတော့ တော်တော်များများ ဓနိမိုးအိမ်တွေ အမိုးလန်တာနဲ့ ပျက်စီးတာတွေဖြစ်တာ။ လူတွေတော့ မထိပါဘူး။ ဒီဘက်မှာက မိုးတွင်းဘက်ဆို သတိထားနေရတယ်” လို့ ချောင်းဖျားရွာခံတဦးက ပြောပါတယ်။
မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန် ပျက်စီးခဲ့တဲ့ နေအိမ်က လေဘေးသင့်ပြည်သူတွေက နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်နဲ့ ဘုန်းကြီးကျောင်းမှာ သွားရောက်နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အိမ်မဲ–ဒါးက ကားလမ်းဘေးက သစ်ပင်ကြီး ၁၃ ပင် ပြိုလဲတာတွေရှိပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။
နေအိမ်အမိုးလန် ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေက မိသားစုဝင်တွေအတွက် ၁ ပတ်စာ စားနပ်ရိက္ခာနဲ့ အိမ်ဆောက်ပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ သက်ဆိုင်ရာက စာရင်းကောက်နေပါတယ်။