မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အားနည်းနေတာကြောင့် ကိုဗစ်-၁၉ တတိယလှိုင်း မထိန်းချုပ်နိုင်မှာကို ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။
ဒေသခံတစ်ဦးက “တနေ့ကတော့ အဲ့ဒိစစ်ကောင်စီလက်ပါးစေတွေ လမ်းဆုံမီးပွိုင့်နားမှာ ကိုဗစ်အတွက် ကမ်ပိန်းလုပ်ကြတယ်။ အရောင်ပြလောက်လုပ်တာပါ။ ထိထိရောက်ရောက်ကြိုတင်စီမံတာ ဘာမှမတွေ့ရဘူး။ ပြည်သူ့ကျန်းမာရေးအတွက် သိပ်ပြီးအလေးထားတဲ့ပုံလည်း မပေါ်ပါဘူး။ သူတို့က ပြည်သူတွေကိုဖမ်းပြီး ထောင်ထဲထည့်ဖို့လောက်ပဲ သိတာဗျ” လို့ ဒီဗွီဘီကိုပြောပါတယ်။
တောင်တွင်းကြီးမြို့နယ်မှာ ကိုဗစ်-၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအတွင်း ရောဂါပိုးကူးစက်ခံရသူပေါင်း ၂၅၀ နီးပါးကို ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့တယ်လို့ မြို့နယ်ကိုဗစ်ကော်မတီထံက သိရပါတယ်။
“ကိုဗစ်-၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းကဆိုရင် အစိုးရကချပေးတဲ့ဘတ်ဂျက်၊ ပြည်သူတွေတွေက ထည့်ဝင်ငွေတွေနဲ့ Q စင်တာတွေဖွင့်ပြီး အစိုးရ၊ ပြည်သူ၊ ဌာနဆိုင်ရာတွေ၊ လူမှုကူညီရေး အသင်းအဖွဲ့တွေရယ်နဲ့ ပရဟိတသက်သက်ကူညီပေးတဲ့သူတွေရယ် အတူပူးပေါင်းဆောင်ရွက်ကြတော့ ကိုဗစ်ကို ထိန်းချုပ်နိုင်ခဲ့ကြတယ်။ အခုတော့ အရင်လုပ်ခဲ့ကြတဲ့သူတွေက အကြောင်းအမျိုးကြောင့် မြို့မှာ မရှိကြတော့ဘူးဆိုတော့ ကျနော်တို့မြို့အတွက်တော့ ရင်မောတယ်” လို့ တိုင်းဒေသကြီး လွှတ်တော်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင်က ဒီဗွီဘီကိုပြောပါတယ်။
Q စင်မှာ ပရဟိတလုပ်ဆောင်ပေးခဲ့သူတစ်ဦးက “ဒီကိစ္စက တစ်ဦးကောင်း တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်းနဲ့ ကာကွယ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ အားလုံး ပူးပေါင်းပါဝင်မှရကြမှာပေါ့။ အခုအချိန်မှာ မတရားအာဏာလုထားတဲ့စစ်ကောင်စီနဲ့ ဘယ်သူက ပူးပေါင်းလုပ်ချင်မတုံး၊ သူတို့က တတ်လည်းမတတ်ဘူး။ အပေါ်ကလည်းနေချင်သေးတယ်။ ကျနော်တို့ကလည်း စစ်ကောင်စီနဲ့ မပူးပေါင်းဘူး။ ပြည်သူတွေကိုတော့ ကျန်းမာရေးအသိ အမြဲရှိကြဖို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
တောင်တွင်းကြီးမြို့မှာ လူစည်ကားတဲ့နေရာတွေမှာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပညာပေးတာတွေမရှိတာအပြင် စာသင်ကျောင်းတွေကိုဖွင့်လှစ်နေတာကြောင့် ကလေးတွေရဲ့ကျန်းမာရေးကို စိတ်ပူနေတယ်လို့ ဒေသခံပြည်သူတွေဆီကသိရပါတယ်။