Home
မြန်မာသတင်း
ကလေးမြို့တွင် စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖမ်းဆီး၊ ပြည်သူ ၅ ဦး သေဆုံး
DVB
·
June 20, 2021
467959-195696599_2849093088738929_3063716390063238856_n-730x365

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် အသက်  ၁၅ နှစ်အရွယ်လူငယ်  ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးသွားပါတယ်။

ကလေးမြို့၊ အင်းယာကုန်းရပ်ကွက်မှာ ဇွန်လ ၁၉ ရက် ည ၉ နာရီလောက်က အကြမ်းဖက်စစ်တပ်ဟာ အိမ်တအိမ်ကို ဝင်ရောက်စီးနင်းပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့  လူ ၄ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မျက်မြင်တဦးက “အင်းယာကုန်းရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စစ်ကား ၅ စီးနဲ့ ရောက်လာပြီး အဲဒီ သူတို့အိမ်ကို ဝိုင်းတယ်။ ခဲတွေနဲ့ ပေါက်တယ်။ အိမ်ထဲကနေ ထွက်လို့ အော်တယ်။ အဲဒီအချိန်မှာ ကျန်တဲ့သားအဖတွေက ထွက်ပြေးတယ်။ အကြမ်းဖက်စစ်တပ်က သားအဖ နှစ်ယောက်စလုံးကို သေနတ်နဲ့ ပစ်တယ်။ အစ်မဖြစ်သူက မျက်လုံးထိသွားတယ်။ အဲဒီအိမ်မှာနေတဲ့ ဧည့်သည် နှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်။ အိမ်က ကားနဲ့ ပစ္စည်းတွေရော ယူသွားတယ်။ မျက်လုံးထိတဲ့ မိန်းကလေးကို စစ်တပ်က ခေါ်သွားတယ်လို့” ပြောပါတယ်။

ဇွန် ၂၀ ရက် မနက်အစောပိုင်း  ၂ နာရီကလည်း အကြမ်းဖက်စစ်တပ်က ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ဧရာဝတီ လက်ဖက်ရည်ဆိုင်ကို ဝင်ရောက်ရှာဖွေရာမှာ လူကြီးတွေကို မတွေ့လို့ ၁၂ နှစ်အရွယ် ကလေးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်၊

ဘဲအင်းရပ်ကွက်မှာလည်း အသက် ၁၅ နှစ်အရွယ် ကျော်မင်းခန့်မောင်နဲ့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ကိုအောင်မြတ်မိုးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အသက် ၁၅ နှစ်အရွယ် ကျော်မင်းခန့်မောင်ကတော့ သေဆုံးသွားလို့ မိသားစုကို အလောင်းလာယူခိုင်းတယ်လို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024