ဇွန်လ ၁၉ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် အဖြစ် ပန်းသပိတ်လူထုလှုပ်ရှားမှုတွေနိုင်ငံတဝန်း ပြုလုပ်နေကြရာမှာ ဧရာဝတီတိုင်း ကြံခင်း မြို့နယ်မှာတော့ နှင်းဆီပန်းတွေ ဝယ်မရတော့တဲ့အထိ အခြေအနေဖြစ်ခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ကြံခင်းမြို့ခံတစ်ဦးက "ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ၇၆ နှစ်မြောက်မွေးနေ့မှာ ကြံခင်းမြို့မစျေးက စျေးသူစျေးသားတွေ၊ လူငယ်တွေက ပန်းသပိတ်လုပ်ပြီး အမေ့မွေးနေ့ကို ဂုဏ်ပြုကြပါတယ်။ ဘုရားပန်းကပ်ပြီး ဆုတောင်းတာတွေ အလှူအတန်းလုပ်တာတွေ၊ ဘုန်းကြီးကျောင်းတွေကို ဆွမ်းချိုင့်ပို့တာတွေ၊ ကုသိုလ်ကောင်းမှု လုပ်လာတာတွေ တွေ့ရပါတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ ပြည်သူအားလုံးက တောင်းဆိုသလို သူ ပန်းပန်သလို ဒီနေ့ အားလုံး ထူးထူးခြားခြား ပန်းပန်တာတွေ့ရကြောင်းလည်း ဒေသခံက ပြောပါတယ်။