ဇွန် ၁၉ ရက် ဒီနေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နိုင်ငံတဝန်းက မြို့တွေနယ်တွေအသီးသီးမှာ သူ့ကိုချစ်ခင်လေးစားတဲ့ ပြည်သူတွေက ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်နေကြပါတယ်။
ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ နေအိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးပြီး ပါဝင်ကြသလို အမျိုးသမီးတွေ ပန်းပန်တာမျိုး၊ အမျိုးသားတွေရဲ့ ရင်ဘတ်မှာ ပန်းတွေထိုးတာမျိုး၊ နေအိမ်တွေရှေ့ ပန်းအိုးချထားတာ၊ ပန်းတွေချိတ်ထားတာစတဲ့ ပုံစံတွေနဲ့ လှုပ်ရှားမှုမှာ ပါဝင်လာကြတာတွေ့ရပါတယ်။
ဒီနေ့မနက်ခင်းက ရန်ကုန်မြောက်ဥက္ကလာပမြို့နယ်က ဈေးတခုမှာဆိုရင်လည်း ဈေးသည်တွေ ပန်းပန်ထားကြတာတွေ့ရသလို ဈေးဗန်းမှာလည်း ပန်းတွေဆင်ထားကြတာတွေ့ရပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေ၊ တော်လှန်ရေးသူရဲကောင်းတွေအတွက် ရည်ရွယ်ပြီးတော့ ပြည်သူတွေက ပန်းသပိတ်ပြုလုပ်ကြတာဖြစ်ပါတယ်။