ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၅ ယောက်ကို ဇွန်လ ၁၇ ရက် ဒီမနက် ၃ နာရီလောက်မှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဆိုပါလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံမဲဆောက်မြို့ကို သဘာဝဂိတ်မှ ဝင်ရောက်လာကြတာပါ။
မဲဆောက်မြို့ ထပ်ဆိုင်လွတ်ကျေးရွာ ရပ်ကွက်(၇)မှာ ထိုင်းစစ်တပ်က လုံခြုံရေးကင်းလှည့်နေချိန် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကိုတွေ့ရှိလို့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုတွေကို တားဆီးနှိမ်နင်းရေးအတွက် နယ်စပ် သဘာဝဂိတ်ပေါက်တွေကို ထိုင်းအစိုးရက လုံခြုံရေးနည်းမျိုးစုံနဲ့ တင်းကျပ်ထားပါတယ်။
ဖမ်းဆီးရမိထားသူတွေကိုတော့ ကျန်းမာရေး ကိုယ်ပူချိန်တိုင်းပြီး သက်ဆိုင်ရာ လဝကထံ လွှဲပြောင်းပေးကာ ထိုင်းနိုင်ငံရဲ့ တရားဥပဒေ အတိုင်းအရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်။