ငွေကျပ်ဘီလီယံ ၅၀၀ တန်ကြေးရှိတဲ့ ငွေတိုက်စာချုပ်တွေကို လေလံစနစ်နဲ့ ထပ်မံရောင်းချမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်ပါတယ်။
သက်တမ်း၂ နှစ်နဲ့ ၄ နှစ်သက်တမ်းရှိတဲ့ ငွေတိုက်စာချုပ် ၂ မျိုးကို စစ်ကောင်စီက ရောင်းချမှာဖြစ်ပြီး ၂ နှစ်သက်တမ်းရှိတဲ့ စာချုပ်အတွက် တစ်နှစ်ကို အတိုးနှုန်း ၇ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၄ နှစ်သက်တမ်းရှိတဲ့ ငွေတိုက်စာချုပ်အတွက် တစ်နှစ်အတိုးနှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ထားပါတယ်။
ငွေတိုက်စာချုပ်နဲ့ငွေတိုက်လက်မှတ်တွေကို အစိုးရဘတ်ဂျတ် လိုငွေရှိတဲ့အခါ လိုငွေ ဖြည့်တင်းဖို့ အများပြည်သူကို ထုတ်ဝေရောင်းချခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် အစိုးရက အများပြည်သူထံက အတိုးပေးပြီး ငွေချေးယူတဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။
ဒီငွေတိုက်စာချုပ်တွေကို ဘဏ်နဲ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေ၊ အာမခံကုမ္ပဏီတွေ၊ Securities ကုမ္ပဏီတွေက ဝယ်ယူခွင့်ရှိပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကျပ်ဘီလီယံ ၂၀၀ တန်ကြေးရှိတဲ့ ငွေတိုက်စာချုပ်တွေကို စစ်ကောင်စီက လေလံစနစ်နဲ့ပထမအကြိမ် ရောင်းချရာမှာ ၁ ဒသမ ၇ ဘီလီယံဖိုး၊ ရာခိုင်နှုန်း အနေနဲ့ ဝ ဒသမ ၈၅ ရာခိုင်နှုန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အသုံးပြုနိုင်တဲ့ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် ငွေတိုက်စာချုပ်တွေ ရောင်းချခြင်းကို လုပ်ကိုင်ခွင့် မရှိကြောင်းနဲ့ စစ်ကောင်စီ ရောင်းချတဲ့ ငွေတိုက်စာချုပ်တွေဟာ တရားမဝင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ဖေဖော်ဝါရီ ၁၇ ရက်က သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။
လက်ရှိ စစ်ကောင်စီလက်ထက်မှာ အခွန်အရပ်ရပ်က ရရှိငွေတွေ၊ နိုင်ငံတကာက ချေးငွေ ရရှိမှုတွေ လျော့နည်းနိုင်ပြီး လိုအပ်လာတဲ့ လိုငွေအတွက် စစ်ကောင်စီက သယံဇာတတွေ ပိုထုတ်လာနိုင်သလို၊ တရုတ်နဲ့ ရှရှားနိုင်ငံတို့က ချေးငွေရယူတာ၊ ကုန်ပစ္စည်းအကြွေးယူတာတွေ ရှိလာနိုင်တယ်လို့လည်း စီးပွားရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပါတယ်။