မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေး ကောင်းမွန်နေပြီး အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက် ဒီနေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။
“မန္တလေး ဗဟိုအကျဉ်းထောင်မှာ ကျနော်တို့ ထိန်းသိမ်းထားရှိတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ အခြေအနေကတော့ သွေးကင်ဆာ၊ ဆီးချို၊ သွေးတိုးနဲ့ နှလုံး သွေကြောကျဉ်းရောဂါတွေ ရှိနေတယ်ဆိုတာကျနော်တို့ သိရပါတယ်။ ပြင်ပမှာကတည်းက ခံစားနေတာ ဖြစ်ပါတယ်။ အကျဉ်းထောင်မှာလည်း ကျန်းမာရေး ဆက်လက်ကုသခွင့် ပေးထားပါတယ်။ သွေးကင်ဆာအတွက် ဆေးကတော့ ကျနော်တို့ တစ်လကို နှစ်ကြိမ် ထိုးပေးတယ်၊ တစ်လကို တစ်ကြိမ် သွေးစစ်ပေးခြင်းနဲ့ ပြင်ပမှ အထူးကုဆရာဝန်တွေရဲ့ လမ်းညွှန်ချက်များအတိုင်း ဆေးကုသလျက်ရှိကြောင်းသိရပါတယ်။ နေ့စဉ် ပုံမှန် တစ်ရက် တစ်ကြိမ် အကျဉ်းထောင်အုပ်ကြီးက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိတယ်ရှိတယ်လို့ သိရှိရပါတယ်။”
ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေး ဆေးကုသစရိတ်အနေနဲ့ အကျဉ်းထောင်ကနေ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ အပြည့်အဝ ဆောင်ရွက် ပေးထားတယ်လို့လည်းဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒေါက်တာ ဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါဝေဒနာခံစားနေရတာကြောင့် အဖမ်းမခံရခင်က ထိုင်းနိုင်ငံမှာ သွားရောက်ဆေးကုသမှုခံယူခဲ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကို အကြမ်းဖက် စစ်အုပ်စုက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတာဖြစ်ပါတယ်။
တခြား ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကိုလည်း တပ်မတော်ရိပ်သာတွေမှာ ထိန်းသိမ်းထားတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။