လာမယ့် ဇွန်လ ၁၉ ရက်နေ့ စနေနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၇၆ နှစ်ပြည့် မွေးနေ့ပွဲဖြစ်တာကြောင့် နော်ဝေနိုင်ငံရှိ Aung San Suu Kyi Park သံတမန်တွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ မြန်မာ့သွေးချင်းတွေကို အပြည်ပြည်ဆိုင်ရာ မြန်မာ့တော်လှန်ရေးမှာ ပါဝင်ဖို့ နှိုးဆော်ထားကြပါတယ်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့တော်လှန်ရေးကို ပြီးခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်နေ့မှာ ပထမအကြိမ် အောင်မြင်စွာနှိုးဆော်ကျင်းပနိုင်ခဲ့ကြပြီး အခု လာမယ့် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ နောက်ထပ်တကြိမ်ပြုလုပ်ဖို့ စီစဉ်နေကြတာပါ။
လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ Gen Z တွေ ၊ ဓမ္မ အမှန်တရားဘက်မှ ရပ်တည်တဲ့ ပြည်သူပြည်သားတွေ အမြန်ဆုံးလွတ်မြောက်စေရေး ခိုတွေ၊ ငါးတွေ လွှတ်တာ စတဲ့ ကုသိုလ် ကောင်းမှုတွေလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
သပိတ်စစ်ကြောင်းတွေမှာ အမျိုးသမီးတွေ နှင်းဆီအနီပန်ကြဖို့ ၊ အမျိုးသားတွေ ရင်ဘတ်မှာ နှင်းဆီအနီထိုးပြီး "မတရားဖမ်းဆီးထားသူများ ချက်ချင်းလွှတ် ချက်ချင်းလွှတ်" လို့ ကြွေးကြော်ကြဖို့၊ ဖမ်းဆီးချုပ်နှောင်ခံရသူတွေ မတရားနှိပ်စက်ခံထားရတဲ့ ဖြစ်ရပ်မှန် ဓာတ်ပုံတွေ၊ အမျိုးသမီးလိင်အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ ကိုင်ဆောင်ဆန္ဒပြကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားကြပါတယ်။