ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ ဟွာပိုတိုင်းစ် အထည်ချုပ်စက်ရုံမှာ ဇွန်လ ၁၁ ရက် မနက်ပိုင်းက စက်ရုံဖွင့်ချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
မနက် ၈ နာရီလောက်မှာ ဟွာပိုတိုင်းစ်အထည်ချုပ် စက်ရုံထဲမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဝန်ထမ်းတွေ ပြေးလွှားနေတာ မြင်ရတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။
"အလုပ်စပြီး မကြာခင်ဖြစ်တာ ထိခိုက်တာတော့ သေချာမသိရဘူး။ ပြေးလွှားနေတာတွေတော့ ရှိတယ် စက်ရုံအထဲက ပေါက်တာဆိုတော့ အထိခိုက်ရှိနိုင်တယ်''လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး စစ်ဆေးနေသလို တံခါးတွေပိတ်ထားပြီး ဝန်ထမ်းတွေကိုလည်း စစ်ဆေးနေပါတယ်။
ဟွာပိုတိုင်းစ်စက်ရုံထဲမှာ ပိတ်မိနေတဲ့ ဝန်ထမ်းတွေကို စစ်ဆေးနေကာ ဗုံးထပ်ပေါက်တာတွေဖြစ်လာနိုင်တာကြောင့် အမြန်ဆုံး အိမ်ပြန်လွှတ်ပေးသင့်တယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလကစတင်ကာ ပေါက်ကွဲမှု ၅ ကြိမ်ထိရှိခဲ့ပြီး အထည်ချုပ်စက်ရုံမှာ ခုတကြိမ်ဟာ ပထမဆုံးစတင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။