ပြန်လည်လွတ်မြောက်လာတဲ့ ရက္ခိုင့်တပ်တော် (အေအေ)၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နဲ့ ညီမ မယမင်းမြတ်(ခ)မမိုးနှင်းဖြူ အပါအဝင် ၁၀ ယောက်ဟာ ဇွန်လ ၉ ရက်၊ ဒီနေ့ညနေ ၅ နာရီကျော်က ရန်ကုန်မှ စစ်တွေသို့ လေကြောင်းခရီးနဲ့ ပြန်ရောက်လာရာ စစ်တွေလေဆိပ်မှာ ဒေသခံတွေ အများအပြား လာရောက်ကြိုဆိုခဲ့ကြပါတယ်။
အေအေစစ်ဦးစီးချုပ်ရဲ့ညီ ကိုအောင်မြတ်ကျော်၊ ညီမ မယမင်းမြတ်(ခ)မမိုးနှင်းဖြူ၊ ရခိုင်အသင်း (စင်ကာပူ)ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုကျော်နိုင်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုမောင်ပန် (ခ) ကိုထွန်းအေးနဲ့ ကိုရွှေလှိုင်သန်းတို့ ၁၀ ဦးဟာ အေအေနဲ့ ပတ်သက်တယ်ဆိုပြီး ၂ဝ၁၉ ခုနှစ်က စင်ကာပူက အပြန် ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရပြီး ၂ နှစ်လောက်အကြာ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ ဇွန်လ ၉ ရက်မှာ အမှုကနေ တရားသေလွှတ်ပေးလို့ ပြန်လွတ်မြောက်လာတာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို နေ့ချင်းပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။
Photo - Kaung Mrat Naing / MPA