မကွေးတိုင်း၊ ပွင့်ဖြူမြို့မှာ ဇွန် ၆ ရက်ညက မြို့နယ် တရားသူကြီးတွေ လိုက်ပါလာတဲ့ ကားတစ်စီးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က တားဆီးပြီးတော့ ရိုက်နှက်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းဘူး-ပွင့်ဖြူ-ဆိပ်ဖြူကားလမ်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီက ည ၈ နာရီကျော်လောက်က အနက်ရောင် အဲဖရက်ကားတစ်စီးကို တားတာကို ရပ်မပေးတာကြောင့် သေနတ်ပစ်ဖောက်ကာ ရပ်ခိုင်းပြီး ဆဲဆိုကြိမ်းမောင်းကာ သေနတ်ဒင်နဲ့ ရိုက်တာကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီကားပေါ်မှာ စလင်းမြို့နယ်တရားသူကြီး၊ ဒုတိယမြို့နယ်တရားသူကြီးနဲ့ စာရေးတို့ လိုက်ပါလာတာဖြစ်ပြီး ဒဏ်ရာရတဲ့ ၂ ယောက်ကိုတော့ ပွင့်ဖြူဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေတယ်လို့ သိရပြီး ဒဏ်ရာရတာ ဘယ်သူတွေဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်ဟာ ပွင့်ဖြူမြို့နယ် ထွေအုပ်ရုံးမှာ တပ်စွဲထားပြီး ညစဉ်သောက်စားမူးယစ်ကာ ည ၈ နာရီနောက်ပိုင်းမှာ နှမ်းရေသွင်းပြီး ပြန်လာတဲ့ တောင်သူတွေကို တားမြစ်ဖမ်းဆီး ငွေတောင်းတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။