ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်မှာ အလောင်း ၃ လောင်း၊ ရွာသား ၂ ယောက်နဲ့ လက်လုပ်သေနတ်တွေ ဖမ်းဆီးရမိတယ်လို့ ဇွန်လ ၆ ရက် ဒီနေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။
လှေဆွဲကျေးရွာမှာ ဇွန်လ ၅ ရက် မနေ့ မနက်ပိုင်းက ဒေသခံ ဦးကျေးဆိုသူကို စစ်တပ်က စစ်ဆေးဖို့ နေအိမ်သို့သွားရောက်ဖမ်းဆီးခေါ်ဆောင်ပြန်လည်ထွက်ခွာလာစဉ် ကျေးရွာအထွက် ငှက်ပျောတောအနီးအရောက်မှာ လက်လုပ်သေနတ်၊ Gas သေနတ်၊ ဂျင်ကလိတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မနက် ၁၁ နာရီလောက်မှာ ကမ်းနားညောင်ဇိုင်ကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ် ဒေသန္တရလက်လုပ်မိုင်း ၁ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရလို့ မော်တော်ယာဉ် အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့လည်း သတင်းစာမှာဖော်ပြပါတယ်။
တိုက်ပွဲစဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ရွာသားတယောက် ပြောပြတာကတော့ ရွာမှာ လက်နက်တွေ ကားနဲ့သယ်လာပါတယ်ဆိုပြီး ဆရာမတစ်ယောက်က စစ်ကောင်စီကို သတင်းပေးလိုက်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး အပြစ်မရှိတဲ့ ရွာသားတွေကိုဖမ်းဆီးရာက ရွာသားတွေက မခံနိုင်ဖြစ်ပြီး ဂတ်စ် သေနတ်တွေနဲ့ လမ်းမှာ ဖြတ်ပြီး ပြန်တိုက်တာကနေ တိုက်ပွဲစဖြစ်တာလို့ ပြောပါတယ်။
စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ၄ နှစ်အရွယ် ကလေးငယ်နဲ့ အမျိုးသမီး ၂ ယောက်အပါအဝင် ပြည်သူဘက်က ၁၇ ဦး ကျဆုံးသွားကာ ထောင်နဲ့ချီတဲ့ ရွာသားတွေလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။