ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာမှာ ဇွန်လ ၅ ရက် ဒီနေ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူဘက်က ၁၇ ဦး ကျဆုံးသွားကာ ထောင်နဲ့ချီတဲ့ ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ဒီနေ့မနက်၈ နာရီလောက်ကစတင်တဲ့ အပြန်လှန်ပစ်ခတ်မှုတွေကြောင့် ပြည်သူဘက်က ၁၇ ယောက်ကျဆုံးပြီး ၉ ယောက်ဒဏ်ရာရခဲ့သလို ကျဆုံးတဲ့အထဲမှာ လေးနှစ်အရွယ်ကလေး ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ပါဝင်တယ်လို့ ကျုံပျော် စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲစဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဒေသခံ လူငယ်တစ်ဦးက “ဆရာမတစ်ဦးကနေပြီးတော့ ဦးလေးတစ်ယောက် လက်နက်တွေကို ကားနဲ့သယ်လာပါတယ်ဆိုပြီး စစ်ကောင်စီကို သတင်းသွားပေးတယ်။ မနက် ၄ နာရီလောက်က စစ်ကောင်စီက ဆင်းလာပြီးတော့ ဒီရွာမှာ စစ်တယ်။ တရွာလုံးက လူညီပြီးတော့ လက်နက်မရှိဘဲနဲ့ အဲဒါ လက်နက်ရှိတယ်ဆိုပြီး မပြောပြဘူးဆိုပြီး ဘာမှ အပြစ်မရှိတဲ့ ရွာသားတွေကိုဖမ်းသွားတယ်။ အဲဒါကို မခံနိုင်တော့ ပြည်သူတွေက gas သေနတ်တွေနဲ့ လမ်းမှာ ဖြတ်ပြီး ပြန်တိုက်တာကနေ တိုက်ပွဲက စပြီးတော့ ဖြစ်တာဗျ”လို့ ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ပစ်ခတ်မှုဖြစ်ပွားတဲ့ ရွာအပါဝင် အနီးနားက ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၂၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ်ခတ်မှုတွေဖြစ်တဲ့ ရွာထဲက လူတွေက ရှောင်ကြတာ။ အားလုံးဆို ၁၀ ရွာလောက်ရှိမယ် ရွာသားအားလုံးဆို နှစ်ထောင်ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာတရွာမှာ အိမ်ခြေ ၁၀၀ အနည်းဆုံးတွက်ရင်တောင် အိမ်ခြေ ၃၀၀၀ ရှိပြီး မပြေးတဲ့နေအိမ်တွေ ဖယ်လိုက်မယ်ဆိုရင် အနည်းဆုံး ၂၀၀၀ လောက် ထွက်ပြေးနေရတာကြောင့် အခြေခံစားသောက်ကုန်တွေ လိုအပ်တာ ရှိနိုင်တယ်” လို့ ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်က ပစ်ခတ်မှုဖြစ်တဲ့ ကျေးရွာဘက်ကို ပိတ်ဆို့စစ်ဆေးနေပြီး မြို့ပေါ်မှာလုံခြုံရေးတင်းကြပ်ထားတာကြောင့် သွားလှူဖို့လည်း အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အပစ်အခတ်မရှိတော့ပေမဲ့ ရွာသားတွေဟာ ရွာကို စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီရဲ့တပ်တွေကတော့ ရွာထဲမှာ တပ်စွဲထားပါတယ်။
အပြန်အလှန် ပစ်ခတ်မှုများကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က ဗိုလ် တစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ သတင်းထွက်နေပေမဲ့ သီးခြားတည်ပြုလိုတော့ မရသေးပါဘူး။
ကျုံပျော်မြို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီးနောက်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးနေပါတယ်။