ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၉ ယောက်နဲ့ လူမှောင်ခိုသမား ၆ ယောက်ကို ကင်းလှည့်တပ်ဖွဲ့က ဆွိုင်ယော့ခ်ခရိုင်ထဲက နယ်စပ်မှာ ဖမ်းဆီးခဲ့ တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့ဟာ ညသန်းခေါင် ၁၂ နာရီခွဲဝန်းကျင်လောက်က တောစပ်မှာ ရပ်ထားတဲ့ မသင်္ကာစရာ ပစ်ကပ်ထရပ်ကား ၂ စီး ကို စစ်ဆေးတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ပစ်ကပ်ကားတစီးရဲ့နောက်မှာ ဆိုင်ကယ်တစီးနဲ့ နောက်တစီးနောက်မှာ ၂ စီးစီ တင်ဆောင်လာတာကို တွေ့ရှိရပြီး ကားထဲက လူ ၆ ယောက် ဆင်းလာခဲ့ကြကာ ဆိုင်ကယ် ၃ စီးကို ချခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် တောထဲကနေ အမျိုးသားတွေ၊ အမျိုးသမီးတွေပါဝင်တဲ့ အုပ်စုတစု ထွက်လာခဲ့ကြပြီး ယာဉ်တွေဆီ ဦးတည်လာနေခဲ့ကြချိန်မှာ ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိသူအားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ထရပ်ကားပေါ်ပါ အမျိုးသား ၆ ယောက်ကတော့ ကန်ချနဘူရီနဲ့ ရက်ချဘူရီခရိုင် တွေထဲ နေထိုင်တဲ့ လူမှောင်ခိုသမားတွေ ဖြစ်ကြပြီး ကျန်တဲ့ လူ ၁၉ ယောက်အုပ်စုထဲမှာတော့ အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ခိုးဝင်မြန်မာတွေကတော့ ထိုင်းနိုင်ငံဘက်ကို အလုပ်အကိုင် အခွင့်အလမ်းရှာဖွေဖို့ လာခဲ့ကြတာဖြစ်ပြီး ခရီးသွားလာခွင့်အထောက်အထား တစုံတရာပါလာခြင်းလည်း မရှိဘူးလို့ ဆိုပါတယ်။
သူတို့ကို ချိတ်ဆက်ထားတဲ့ ထိုင်းနိုင်ငံတွင်း ပို့ဆောင်ပေးဖို့အတွက် ငှားရမ်းခိုင်းစေ ခံခဲ့ရတာဖြစ်တယ်လို့ လူမှောင်ခိုသမား ၆ ယောက်က ရဲတွေကို ထွက်ဆိုခဲ့ကြပါတယ်။
လတ်တလောမှာတော့ သူတို့ ၆ ယောက်ကို နိုင်ငံတွင်း လူမှောင်ခိုတင်သွင်းမှုနဲ့ အရေးယူသွားမှာဖြစ်ပြီး ထရပ်ကားဒရိုင်ဘာ ၂ ယောက်ကိုတော့ နိုင်ငံခြားသားတွေကို နိုင်ငံတွင်း တရားမဝင် သယ်ပို့မှုနဲ့ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
ခိုးဝင်မြန်မာ ၁၉ ယောက်ကိုတော့ နိုင်ငံတွင်း တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာမှု၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် ချမှတ်ထားတဲ့ အရေးပေါ် ဥပဒေချိုးဖောက်မှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။