မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျီးငိုတောင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး တပ်ကုန်းရွာမှာ ဒေသခံ ပြည်သူ ၅ ယောက်ကို ဖမ်းဆီးသွား ပါတယ်။
ကျီးငိုတောင်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက်နဲ့ လက်နက်ကြီးတွေ ပစ်ခတ်နေပြီးတော့ အပြန်အလှန်ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အခုလို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးတော့ အပြန်အလှန်ပစ်ခတ်သံတွေကြားရလို့ ဒေသခံရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ပေါက်မြို့နယ်အနေနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF ဖွဲ့စည်းထားတာမျိုး မရှိသေးဘဲ ရွာသားတချို့က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။ ဒီနေ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သေကျေဒဏ်ရာရတဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။
လွန်ခဲ့တဲ့ ၃ ရက်လောက်က ကင်းစုပ်ကျေးရွာမှာ ကြံ့ခိုင်ရေးပါတီဝင် ဦးညိုချော အသတ်ခံရပြီးတော့ မေလ ၃၀ ရက်ကလည်း ကင်းမကျေးရွာအုပ်စုနေ စာရေး ကိုအေးလွင် အသတ်ခံခဲ့ရပါတယ်။ ဘယ်အဖွဲ့က သတ်သွားတယ်ဆိုတာ မသိရသေးပဲ ကိုအေးလွင်အလောင်းကို တော့ လာမယူသေးဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
တပ်ကုန်းရွာမှာလည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဟာ ကားတွေကို ကိုင်းလယ် ရဲစခန်းမှာရပ်ထားပြီးတော့ အင်အား ၁၀ ယောက်လောက်နဲ့ အန်အယ်လ်ဒီ ပါတီဝင် ဦးခင်မောင်တိုးကို လာဖမ်းရာမှာ မတွေတာကြောင့် သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ဌေးအပါဝင် အပြစ်မဲ့ ပြည်သူ ၅ ယောက်လောက်ကို ဖမ်းဆီးသွားပါတယ်။