စစ်ကိုင်းတိုင်း၊ ကလေးမြို့က ပြည်သူတယောက်ကို မေလ ၂၄ ရက် မနေ့က အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားပြီး ဒီနေ့မှာတော့ မိသားစုကို အလောင်းပြန်လာယူခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ မြို့သာ နန်းကလိန် တံတားနားဆိုင်ကယ်ပြင်ဆိုင်က ကိုမင်းမင်းကို စစ်သားနဲ့ ရဲတွေက အိမ်နောက်ဖေးရော ရှေ့ရော ပိတ်ဆို့ဖမ်းဆီးသွားတာပါ။
"စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းဆီးသွားတယ်။ ဒီနေ့ စစ်ဆေးရုံ ရင်ခွဲရုံမှာ အလောင်းလာထုတ်ဖို့ ဖုန်းဆက်လာတယ်။ သေဆုံးသူမိသားစုကိုလည်း စကစဘက်က နစ်နာကြေးအနေနဲ့ ငွေသား ၅ သိန်းပေးပါတယ်တဲ့။ ဘယ်လိုတွေကြောင့် ဘာကြောင့်လာဖမ်းလဲတော့မသိဘူး။ ကိုမင်းမင်းက စစ်တပ်ကိုတော့မထောက်ခံဘူး။ တခြားလည်း ဘာမှမလုပ်ပါဘူး။ သူ့အိမ်ဘေးကပ်ရက်က အိမ်ကအစိမ်း၊ စစ်တပ်ကိုအားပေးတဲ့အိမ်" လို့ ဒေသခံတယောက်က ပြောပါတယ်။
သေဆုံးသူကိုမင်းမင်းရဲ့ တကိုယ်လုံးမှာ ရိုက်နှက်ထားလို့ အညိုအမဲစွဲနေတဲ့ ဒဏ်ရာတွေကို တွေ့ရပါတယ်။
"ဖမ်းသွားတဲ့ ညနေက ဖုန်းဆက်သွယ်လို့ရတယ်။ ဒီနေ့မနက်လည်း မုန့်သွားပို့လို့ရတယ်ဆိုတော့ စိတ်အေးနေကြတာ" လို့ မိသားစုနဲ့ ရင်းနှီးသူတယောက်က ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၉ နှစ်အရွယ်ရှိပြီး သူ့မှာ ဇနီးနဲ့ သားတယောက်၊ သမီးတယောက်ကျန်ခဲ့ပါတယ်။