ကချင်ပြည်နယ်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံတစ်ခုအတွင်း မေလ ၂၄ ရက် မွန်းတည့် ၁၂ နာရီလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၁၀ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက် ဦးခေါင်းကို ကျည်ထိမှန် သေဆုံးသွားပါတယ်။
အဆိုပါ လက်နက်ကြီးကျည်ဟာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ ၄၃၇ ဘက်က ပစ်ခတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူဟာ ဦးပေါ်ခီဘရန်အောင်နဲ့ ဒေါ်ရီဌေးတို့ရဲ့သားဖြစ်သူ ၆ တန်းကျောင်းသား မောင်အောင်ဒီးဖြစ်ပြီး ကလေးငယ်ရဲ့ စျာပနပြုလုပ်ဖို့စီစဉ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မွေးမြူရေးခြံက ကြက်တချို့သေဆုံးခဲ့ရပြီး ကြက်ခြံမှာလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
မိုးမောက်မြို့နယ်မှာ ဧပြီနဲ့ မေလအတွင်း ကေအိုင်အေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒါအပြင် ထွေအုပ်ရုံးအနီးမှာလည်း မိုင်းကွဲခဲ့ပြီး ထွေအုပ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့သလို ဝဝမ်ကျေးရွာဘက်မှလည်း ပြည်သူနှစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။