တောင်တွင်းကြီးမြို့မှာ မတ် ၂၃ ရက် နေ့ညက မြန်မာ့စီးပွားရေးဘဏ်ဗုံး ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီစစ်သားတွေ သေနတ်နဲ့ ရမ်းကားပစ်ခတ်မှုကြောင့် ခရီးသွား ပြည်သူတစ်ဦး ကျည်ထိမှန် သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူမှာ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဘုရားငါးဆူကံကြီး(တောင်) ကျေးရွာက ကိုဇေယျာဝင်း အသက် (၃၆) နှစ် ဖြစ်တယ်လို့ သိရှိရပါတယ်။
သေဆုံးသူရဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက “သူက တောင်တွင်းကြီးမြို့တောင်ဘက် ကသာကျေးရွာဘက်က လမ်းပြင်တဲ့အဖွဲ့ထဲမှာ အလုပ်လုပ်ပြီး အလုပ်သိမ်းလို့ ဆိုင်ကယ်နဲ့ပြန်လာတာ။ တောင်တွင်းကြီးမြို့ကို ဖြတ်မောင်းလာချိန် စစ်သွေးကြွ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ရဲ့ ပရမ်းပတာပစ်လို့ ကျည်ဆန်က နောက်ကျောကနေ ရင်ဘတ်ကို ဖောက်ထွက်သွားလို့ ညတွင်းချင်း မကွေးဆေးရုံကိုပို့ပေမယ့် လမ်းမှာပဲ သေဆုံးသွားခဲ့တာပါ။ အခုတော့ အလောင်းပြန်သယ်ပြီး သူ့ရွာမှာ ဈာပနကျင်းပဖို့ လုပ်နေကြပါတယ်။ ပြည်သူကို ရန်သူလို သဘောထားနေတဲ့ စစ်အုပ်စုကိုလည်း အမြန်ဆုံးကျရှုံးပါစေလို့ ပြောချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။