မန္တလေးမြို့ရဲ့ အထင်ကရ စျေးချိုတော်ကြီးမှာ စျေးရောင်းချမှု မပြုဘဲ ပိတ်ထားတဲ့ ဆိုင်ခန်းတွေဟာ မေ ၂၄ ရက်နောက်ဆုံးထား မဖွင့်ပါက ဆိုင်ခန်းပြန်သိမ်းမယ်လို့ သက်ဆိုင်ရာက ကြေညာထားတယ်လို့ သိရပါတယ်။
စျေးဆိုင်ခန်းပိတ်ထားသူ တစ်ဦးက “စျေးကလည်း အခြေနေ အကြောင်းကြောင့် ပြန်ဖွင့်ဖို့ မဖြစ်နိုင်သေးပါဘူး။ စျေးမီးရှို့မှာ စိုးရိမ်နေရသလို လုယက်ခံရမှာလဲ စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။
စျေးချိုတော်ကြီးနဲ့ တိုက်တန်းစျေးကြီးကို မတ် ၂၃ ရက်တည်းက စျေးဖွင့်လှစ်ရောင်းချခွင့်ပြု ထားပေမဲ့ စျေးဆိုင်တွေ တည်ခင်းရောင်းချခြင်း မရှိတာကြောင့် မေ ၂၄ ရက် နောက်ဆုံးထား စျေးဆိုင်များပြန်လည်ဖွင့်လှစ်ဖို့ ကြေညာစာကို မေ ၂၁ ရက်က ကပ်ထားတယ်လို့ စျေးသည်တစ်ဦးက ပြောပါတယ်။
သတ်မှတ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ခြင်း မရှိပါက စျေးဆိုင်ငှားရမ်းအသုံးပြုခြင်းဆိုင်ရာ ဥပဒေအပိုဒ် ၁၄ အရ စျေးဆိုင်ခန်းတွေကို ကော်မတီပိုင်အဖြစ် ပြန်လည်သိမ်းမယ်လို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနဲ့သားသတ်ဌာနက ကြေညာထားတာပါ။