စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာပြည်သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့် ကျင်ဆန္ဒပြနေကြရာမှာ ခုတခါမှာတော့ ၂ ငါးလုံး လူထုတော်လှန်ရေး ၃ လပြည့် ပြည်လုံး ကျွတ်သပိတ်မှာ ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။
ဆက်လက်ပြီး သွေးမအေးကြောင်း၊ ဆက်လက်ပြီး တော်လှန်ပုန်ကန်နေမှာ ဖြစ် ကြောင်း လမ်းမကြီးတွေပေါ်ကနေ အသံလှိုင်းတွေနဲ့ ဆန္ဒဖော်ထုတ်ကြမယ့် ဒီသပိတ်ကို တော့ မေ ၂၂ ရက် မနက် ၁၀ နာရီတိတိမှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဆိုင်ကယ်တွေ၊ မော်တော်ကားတွေအားလုံး အချက်ပြမီး နှစ်ဖက်(စုံမီး)ဖွင့်ကာ ၂ မိနစ်တိတိ ဟွန်းသံရှည် ဆွဲပြီး ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်အုပ်စုက မတရားစစ်အာဏာသိမ်းမှုကို တနိုင်ငံလုံးက ဆန့်ကျင် တဲ့အနေနဲ့ ပြည်လုံးကျွတ်ဆန္ဒထုတ်ဖော်ပွဲကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ၂ ငါးလုံးပြည်လုံးကျွတ်သပိတ်အဖြစ် စတင်ခဲ့တာမို့ မေ ၂၂ ရက်နေ့မှာ ၃ လပြည့်မြောက်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ နွေဦးတော်လှန်ရေး ကာလ ၃ လခွဲကျော်အတွင်း အကြမ်း ဖက်စစ်အုပ်စုဆန့်ကျင်တိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေနဲ့အတူ ပြည်သူတွေဟာ သွေးအေးမနေကြဘဲ အရပ်ဒေသအသီးသီးကနေ ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ စာရင်း ပြုစုချက်အရ လတ်တလောအချိန်အထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးပြည်သူပေါင်း ၈၁၂ ယောက်၊ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ပြည်သူ ၄၂၅၈ ယောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။