ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဗုံးကွဲမှုတွေဖြစ်ပွားခဲ့ပြီး ဒေါငံခါးရပ်ကွက်နဲ့ မားနားပလော့ရပ်ကွက်တွေမှာ မေလ ၂၁ ရက် ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေက ပြည်သူတွေချထားတဲ့ လုံခြုံရေးအတားအဆီးကို လာရောက်ဖျက်ဆီးတာ ညဘက် သေနတ်တဲ့ ပစ်ခတ်တာတွေလုပ်နေတဲ့အတွက် ဒေသခံ လူထုဘက်က ပြန်လည်ခုခံ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါ။
ဒီနေ့မနက် ၉ နာရီကျော်လောက်ကတည်းက စတင်ပစ်ခတ်မှုတွေဖြစ်ပွားပြီး မနက် ၁၀ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာယူထားတဲ့ ဒီးမော့မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ အားကစားရုံဘက်မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပြောခွင့်ရသူ တဦးက ပြောပါတယ်။
“ပထမပိုင်းတော့ ဒေါငံခါးဘက်မှာ ပစ်တယ်။ ပစ်ပြီးတော့ ဒီဘက်မှာ ဒီးမော့ဆို စည်ပင်ရပ်ကွက်ဘက်မှာရှိတဲ့လူကတော့ ထွေအုပ်ရုံးနဲ့ သူတို့တပ်စွဲထားတဲ့ထွေအုပ်ရုံးနဲ့ အားကစားရုံမှာ သူတို့တပ်စွဲထားတဲ့နေရာကို ပစ်ထည့်လိုက်တယ်။ တပ်စွဲထားတာကြာပြီလေ သူတို့ရှိတယ်။ အဲမှာ ဗုံးတွေဝိုင်းပစ်ထည့်လိုက်တယ်။ ပြီးတော့ သူတို့ပြန်ပစ်တယ်။ ဒါပေမဲ့ လွတ်ပါတယ်။ ပစ်လိုက် ဆုတ်လိုက်ပဲ နှစ်ဖက်စလုံး ရှေ့မတက်ကြဘူး။ အခုတော့လောလောဆယ် ပြန်ရပ်နေတယ်။”
စစ်ကောင်စီတပ်ဘက်ကလည်း ပြည်သူတွေရှိတဲ့နေရာကို အမ် ၇၉ လောင်ချာလက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်သူမရှိသလို စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးမှု ရှိမရှိမသိရသေးဘူးလို့လည်း ဆိုပါတယ်။
သဲတင်ကားယာဉ်မောင်း ၁ ဦးကတော့ လက်မောင်းမှာ သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒီလို နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ဒေသခံတချို့တောထဲထွက်ပြေးတိမ်းရှောင်နေတာရှိနေပါတယ်။
နေ့လည် ၁၂ နာရီခွဲ ရရှိထားတဲ့သတင်းအရ ဒေါငံခါးလမ်းခွမှာ ဆိုင်ကယ်မောင်းနှင်လာသူ အရပ်သား နှစ်ဦးကို စစ်ကောင်စီက ရပ်တပ်ဖို့ ပြောရာကနေ မောင်းပြေးတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ရာ တဦးသေဆုံးသွားကြောင်း သိရပါတယ်။
မနေ့ မေလ ၂၀ ရက်နေ့ကလည်း ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြိုနယ်အကြားရှိ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ထိန်းချုပ်နယ်မြေမှာ ကေအန်ပီပီနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကေအန်ပီပီက ဖွင့်ထားတဲ့ လူငယ်လေ့ကျင့်ရေးကွင်းကို စစ်ကောင်စီတပ်တွေက သွားဖို့ ကြိုးစားရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။