ပုသိမ်တက္ကသိုလ် ပညာရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဆိုင်ရာတွေ ဆောင်ရွက်ဖို့ တက္ကသိုလ်ရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ပုသိမ်တက္ကသိုလ်ကြားကာလယာယီ အုပ်ချုပ်ရေး အဖွဲ့ကို မေလ ၂၀ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
ပုသိမ်တက္ကသိုလ်ယာယီအုပ်ချုပ်ရေးအဖွဲ့မှာ ဆရာဆရာမ ကိုယ်စားလှယ်တွေ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ ၊ကျောင်းသားကိုယ်စားလှယ်၊အဝေးသင် ကိုယ်စားလှယ်တွေ၊ ကျောင်းသားဟောင်းကိုယ်စားလှယ်တွေနဲ့ ပါဝင် ဖွဲ့စည်းထားတယ်လို့ သိရ ပါတယ်။
ပုသိမ်တက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်အဖြစ်ဖွင့်လှစ်ဖို့ တက္ကသိုလ် ပဋိညာဉ်ကို ရေးဆွဲသွားမယ်လို့ သိရပါတယ်။
တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ ပုသိမ်တက္ကသိုလ် ခေတ္တ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒုပါမောက္ခချုပ်ဒေါက်တာသန်းထွန်း ဦးဆောင်တဲ့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့အပါအဝင် လက်အောက်ရှိ တက္ကသိုလ်ပညာရေးအဖွဲ့နဲ့ စီမံခန့်ခွဲရေးအဖွဲ့အားလုံးကို မေ ၂၀ ရက်မှာ ဖျက်သိမ်းကြောင်းလည်း ပုသိမ်တက္ကသိုလ်ယာယီ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ကျောင်းသင်ရိုးညွှန်တမ်းနဲ့ ပညာရေးစနစ်ကိုပင် ခွဲခြားသိမြင်နိုင်မှု မရှိလို့ ခုလို ဖျက်သိမ်းခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့အစည်းတွေ ထုတ်ပြန်တဲ့ ညွှန်ကြားချက်နဲ့ အမိန့်တွေကိုလည်း တရားမဝင်ကြောင်း ကြေညာခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ဘာသာပေါင်းစုံ တက္ကသိုလ်နောက်ဆုံး နှစ် ကျောင်းပြန်တက်တဲ့ ကျောင်းသားမှာ ၁၁ ရာခိုင်နှုန်းကျော်သာရှိပြီး CDM ပါဝင်ခဲ့တဲ့ တက္ကသိုလ်က ပါမောက္ခများအပါဝင် ဝန်ထမ်း ၁၆၉ ဦးလည်း တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရပါတယ်။