မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်ရှိ အခြေခံပညာ ကျောင်းတွေကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းနဲ့ အညီ ပြန်ဖွင့်နိုင်ဖို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပညာရေးဌာနက ကြိုတင်ပြင်ဆင်နေပါတယ်။
မူဆယ်မြို့နယ်မှာ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းပေါင်း ၁၀၁ ကျောင်းရှိပြီး နယ်စပ်ဒေသ လမ်းပန်းခက်ခဲမှု အခြေအနေကြောင့် စာသင် ကျောင်း ၄၃ ကျောင်း မဖွင့်လှစ်နိုင်သေးပေမယ့် မြို့နယ်အတွင်းရှိ မုံးကိုးမြို့၊ မန့်ဟီးရိုးမြို့၊ ပန်ဆိုင်း (ကြူကုတ်)မြို့ တွေမှာရှိတဲ့ ကျောင်းပေါင်း ၅၈ ကျောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ ဇွန်လ ၁ ရက်နေ့ က စတင် ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတယ်လို့ ပညာရေးမှူးရုံးနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။
ကျောင်းအပ်တာနဲ့ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ Masks နဲ့ Face Shield တွေကို အခမဲ့ထောက်ပံ့မှာဖြစ်ပြီး ကျောင်းအပ်နှံခ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှာ မဟုတ်ကြောင်း မူဆယ်မြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။
နိုင်ငံတဝန်းမှာ မေလ ၂၄ ရက် ကနေ ၃၁ ရက်နေ့ထိ အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားတွေကို ကျောင်းအပ် လက်ခံသွားမှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့ ကစ ကျောင်းတွေကို စတင်ဖွင့်သွားမှာ ဖြစ်ကြောင်း စစ်ကောင်စီကကြေညာထားပါတယ်။
စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ကျောက်မတက်ကြဖို့ လှုပ်ရှား တောင်းဆိုမှုတွေလည်း အရှိန်ကောင်းနေပြီး ကျောင်းအုပ်တွေ ဆရာ ဆရာမတွေနဲ့ ပညာ ရေးဝန်ထမ်းတွေ အများအပြား အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့အတွက် အလုပ်ထုတ်ခံထားရပါတယ်။
Photo Crd# အယ်လ်စိုး (မူဆယ်)