ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ မေ ၁၉ ရက် မနက်ပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်တွေ လဲကျပြီး လမ်းပိတ်ဆို့နေပါတယ်။
သီပေါမြို့ ဈေးရပ်ကွက်၊ လမ်းမတော်လမ်းနဲ့ ရွှေညောင်ပင်လမ်းထောင့်ရှိ မြို့တည်ဆီအိုးကြီးအနီး ညောင်ပင်ကိုင်း ကျိုးကျ၍ လမ်းပိတ်နေပေမယ့် သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းက သွားရောက်ရှင်းလင်းခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာလည်း မေ ၁၉ ရက် မနက် ၁ နာရီက မိုးသည်းထန် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပါတယ်။
ကျောက်မဲဒေသခံတစ်ဦးက “ည ၁ နာရီက မိုးစရွာတယ်၊ မိုးလင်းခါနီး တော်တော်လေး မိုးသည်းတယ်၊ အရင်က မိုးကြီးရင် ရေကြီးတာ ဖြစ်နေကျဆိုပေမယ် ဒီနေ့လောက် မများဘူး၊ ဒီနေ့ ရေကြီးတာက တော်တော်ဆိုးတယ်၊ များတယ်” လို့ ပြောပါတယ်။
အ.ထ.က (၁) ကျောင်းအနီး၊ မိုးကောင်းကျောင်းရှေ့၊ (၈) ရပ်ကွက် ဘောလုံးကွင်း၊ မုံလာခြံ သံလမ်း စတဲ့ ရပ်ကွက် နေရာတွေမှာ ရေကြီးရေလျှံဖြစ်ပြီး မနက် ၁၀ နာရီဝန်းကျင်မှာ ရေအနည်းငယ်သာ ကျဆင်းသွားတယ်လို့ သိရပါတယ်။