ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်တပ်က ကားနဲ့တိုက်ဖြိုခွဲပြီး ပြည်သူ ၆ ဦး အဖမ်းခံလိုက်ရတဲ့အထဲက အသက်မပြည့်သေးတဲ့ကျောင်းသား ၂ ယောက် မေလ ၁၈ရက်နေ့မှာ ပြန်လွတ်လာပါတယ်။
အသက်မပြည့်သေးလို့ ခံဝန်နဲ့ပြန်လွတ်လာတာ ဖြစ်ပြီး စွဲဆိုထားတဲ့အမှုတွေကိုတော့ ဆက်လက်ရင်ဆိုင်သွားရဦးမယ်လို့ သိရပါတယ်။
ထားဝယ်အထက်တန်းကျောင်းက တက္ကသိုလ်ဝင်တန်းကျောင်းသား ၁၆ နှစ်အရွယ် မောင်အာကာဟိန်းနဲ့ ထားဝယ်မြို့ စက်မှုလက်မှု အထက်တန်းကျောင်းသား အသက်၁၅နှစ်အရွယ် မောင်စိုင်းထက်တို့ဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ ၅၀၅ (ဂ) ၊ ပုဒ်မ ၁၄၅ တို့နဲ့ တရားစွဲဆိုခံထားရတာပါ။
မေလ ၁၇ ရက်နေ့ မနက်ပိုင်းက ထားဝယ်ပင်မသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး အဖမ်းခံရသူ ၆ ယောက်စလုံးဟာ အဆိုပါပုဒ်မသုံးခုစီနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ မြောင်းပုလဲရပ်ကွက်၊ နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခံရတဲ့ ကိုမျိုးမင်းထက်နဲ့ မအိအိတို့ ဇနီးမောင်နှံကတော့ သပိတ်စစ်ကြောင်းနဲ့ သက်ဆိုင်ခြင်းမရှိတဲ့အတွက် ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။