ပြည်မြို့ အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုအပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ် ၃ နှစ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်)က မေလ ၁၂ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ်။
ကိုမင်းညိုအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်ရေးကာကွယ်သူတွေနဲ့ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင် ဆန္ဒပြလို့ ထောင်ချခံနေရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။
ကိုမင်းညိုကို ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ ဂျာနယ်လစ်တွေ ထိတ်လန့်စရာဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုပြသလိုက်တာပဲဖြစ်တယ်၊ မြန်မာပြည်မှာ သတင်းသမားတွေဟာ သူတို့ရဲ့အသက်နဲ့ လွတ်လပ်ခွင့်တွေကိုစွန့်ပြီး စစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေကိုဖော်ထုတ်နေတာဖြစ်တယ်၊ စစ်အာဏာပိုင်တွေဟာ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့ကြိုးစားသူတွေကို ရက်ရက်စက်စက်နှိပ်ကွပ်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေဖြစ်တယ်လို့ အေအိုင်အဖွဲ့ရဲ့ အရှေ့တောင်အာရှနဲ့ အရှေ့အာရှဒေသဆိုင်ရာ ဒါရိုက်တာ Emerlynne Gil က ပြောပါတယ်။
မြန်မာပြည်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက သတင်းသမားတွေ အတော်များများ တရားလက်လွတ်ထိန်းသိမ်းခံ၊ ခြိမ်းခြောက်ခံ၊ ဖမ်းဆီးခံ၊ ပစ်ခတ်ခံခဲ့ရတယ်။ မြန်မာနိုင်ငံမှာ သတင်းအလုပ်ဟာ တရားမဝင်တဲ့ရာဇဝတ်မှုဖြစ်နေခဲ့ပြီး ပြည်ပမှာ စတင်ထူထောင်ခဲ့တဲ့ ဒီဗွီဘီသတင်းဌာနဟာလည်း နောက်တကြိမ် လျှို့ဝှက်မြေအောက် သတင်းဌာနအဖြစ် တွန်းပို့ခံခဲ့ရတယ်လို့ လည်း အေအိုင်အဖွဲ့က ပြောပါတယ်။
ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကို စစ်အုပ်စုက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း မြန်မာပြည်တွင်းက ဂျာနယ်လစ်ကွန်ရက်တွေကလည်း စုပေါင်းကြေညာထားပါတယ်။
ပြည်မြို့မှာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲ သတင်းယူနေတဲ့ DVB သတင်းထောက်ကိုမင်းညိုကို ရဲနဲ့စစ်တပ်က ရိုက်နှက်ဖမ်းဆီးထားပြီး မေလ ၁၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကျဉ်းထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့တာပါ။
ကိုမင်းညိုဟာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အာဏာသိမ်း ကာလမှာ စစ်ကောင်စီတရားရုံးက ပထမဆုံးထောင်ဒဏ်ချတာကို ခံလိုက်ရတဲ့ သတင်းထောက်ဖြစ်ပါတယ်။