အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကို ဒီကနေ့ မေလ ၁၂ ရက်နေ့ရုံးချိန်းမှာ စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။
ပြည်မြို့လူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု သတင်းယူနေတဲ့ ကိုမင်းညိုကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီးနောက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ကိုမင်းညိုကို အမိန့်ချလိုက်တာနဲ့ပတ်သက်ပြီး အယူခံဝင်ဖို့ရှေ့နေတွေနဲ့တိုင်ပင်နေတယ်လို့ ကိုမင်းညိုရဲ့ဇနီး မညိုမီမိုးကပြောပါတယ်။
"သတင်းထောက်တွေနဲ့ ပြည်သူတွေကို မတရားအနိုင်ကျင့်နေတာပါ" လို့မညိုမီမိုးကပြောပါတယ်။
အလားတူ အဖမ်းခံထားရတဲ့ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကိုလည်း မေလ ၁၁ ရက်က ရုံးထုတ်ခဲ့ပြီး ကိုအောင်ကျော်ကိုယ်တိုင် တရားရုံးမှာ သတင်းမီဒီယာဥပဒေကို သက်သေပြုပြီး ပြန်ချေပခဲ့ပါတယ်။
တရားသူကြီးကတော့ ကိုအောင်ကျော်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့တရားစွဲ ထားတာဖြစ်တဲ့အတွက် ပုဒ်မ ၅၀၅ (က) အပေါ်မူတည်ပြီးပဲ ဆုံးဖြတ်ချက်ချမယ်လို့ တရားခွင်မှာပြောဆိုခဲ့ ပါတယ်။
ကိုအောင်ကျော်ကို မေလ ၁၈ ရက်နေ့မှာ နောက်ထပ်ရုံးချိန်းထပ်ခေါ်ထားပြီး မေလကုန် ဒါမှမဟုတ် ဇွန်လဆန်းမှာ အမိန့်ချဖို့ရှိတယ်လို့ ကိုအောင်ကျော်ရဲ့ဇနီး မနေခြည်မိုးထက်ကပြောပါတယ်။