မွန်ပြည်နယ် ရေးမြို့နယ်က ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဆေးရုံဆေးခန်းတွေမှာ ကိုယ်ဝန်ဆောင် ကာကွယ်ဆေးထိုးဖို့နဲ့ ဆေးခန်းပြဖို့ ဆရာဝန်တွေ မရှိခဲ့တာကြောင့် ကျန်းမာရေး စစ်ဆေးပြသဖို့ အခက်အခဲဖြစ်နေတယ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ပြောပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထဲမှ ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ မော်လမြိုင်နဲ့ ရန်ကုန်ဘက်ကို ဆေးခန်းသွားရောက်ပြသနိုင်တာကြောင့် အခက်အခဲမရှိပေမဲ့ ဆင်းရဲနွမ်းပါးတဲ့အပြင် ဝေးလံခေါင်ဖျားဒေသနေ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကတော့ ဆေးခန်းပြဖို့ အခက်အခဲတွေ ရှိတယ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
CDM မှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းကို စစ်ကောင်စီဘက်က ဖိအားပေးပြီး ဆေးရုံ၊ ဆေးခန်းတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်ကြဖို့ ထုတ်ပြန်ထားပေမဲ့ အများစုဟာ ဖမ်းဆီးခံရမှာ ကြောက်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ရေးမြို့နယ်မှာ ပြည်သူ့ဆေးရုံတွေ ပြန်လည်ဖွင့်လှစ်လာခဲ့ပေမဲ့ ဆရာဝန်တွေ မရှိတာကြောင့် လူနာကုသရေးပိုင်းမှာ လုံလောက်မှု မရှိကြဘူးလို့ ဆိုပါတယ်။