ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထွေထွေပြည်သူ့ဆေးရုံကြီးဝန်းအတွင်း အရေးပေါ်ဌာန(OPT)ရှေ့ ပန်းခြံမှာ မေလ ၄ ရက် မွန်းလွဲ ၂ နာရီလောက်က အကြီးစားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှု ပြင်းထန်တာကြောင့်နေ့ခင်းအချိန်မှာပင် အနီးနားဝန်းကျင်ရှိနေအိမ်တွေက ပြည်သူတွေ ထိတ်လန့်ခဲ့ရပြီး မြေကြီးတွေတုန်ခါခဲ့ကာ ၂ မိုင်ဘက်ကနေ ပေါက်ကွဲတဲ့ အသံကြားရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပေါက်ကွဲမှုကြောင့် လူတွေထိခိုက်မှုရှိတဲ့သတင်းတွေကတော့ မရရှိပါဘူး။
ဗန်းမော်ပြည်သူ့ဆေးရုံကြီးကို ဆေးရုံအုပ်ကြီးကအစ CDM ပြုလုပ်ပိတ်ထားရာကနေ ဧပြီ ၃၀ ရက်နေ့က ဆေးရုံအုပ်ကြီးရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့အတွက် မေလ ၁ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီရဲ့ အမိန့်နဲ့ CDMမှာ မပါတဲ့ ကျန်းမာရေး ဝန်ထမ်း တချို့နဲ့ ပြန်ဖွင့်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။