မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ဒါးရဲကောင်းရွာမှာ မေလ ၃ ရက် ဒီနေ့ မနက်ပိုင်းက ကျောင်းလာတက်တဲ့ ဆရာ/ဆရာမတွေကို ဒါးရဲကောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ ရွာသားတွေက သံပုံးတီးသပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။
အဲ့ဒီလို သံပုံးတီးဆန္ဒပြတာကို ဒလန်ကသတင်းပေးတိုင်ကြားခဲ့တာကြောင့် စစ်ကား ၈ စီး ရောက်ရှိလာပြီး ကျောင်းထဲမှာ တပ်စွဲထားကာ ရဲနဲ့စစ်သားတွေက ရွာထဲကို တအိမ်တက် တအိမ်ဆင်း မွှေနှောက်ရှာဖွေပြီး ပစ္စည်းတွေကို ဖျက်ဆီးတာ၊ ပိုက်ဆံတွေကို လုယက်ခဲ့တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ရွာသားတွေကပြောပါတယ်။
ရဲနဲ့စစ်သားတွေလာတာနဲ့ ရွာကနေ ရွာသားတွေ အားလုံးနီးပါး တိမ်းရှောင်နေရတယ်လို့ တိမ်းရှောင်နေတဲ့ရွာခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်မှာ ဒီနေ့ ညနေ သုံးနာရီအထိ တပ်စွဲထားတုန်းဖြစ်ပြီး ရွာခံ CDM ဆရာ/ဆရာမတွေကိုလည်း အတင်းအကြပ်လက်မှတ်ထိုးခိုင်းတာတွေ ပြုလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေသူတွေကိုလည်း သေနတ်ပစ်ဖောက် တောနင်းရှာနေတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်ရပ်မှာ ရွာသားတွေအထိအခိုက်မရှိပေမယ့် ဥစ္စာပစ္စည်း ဆုံးရှုံးမှုတွေနဲ့ နေအိမ်ကို မပြန်ရဲသူတွေအများအပြားရှိနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။