စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး စစ်အုပ်စုက ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်း ကိုယ်ပိုင်ကျောင်းတွေမှာ မတက်ကြဖို့ ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
စစ်အုပ်စုက လက်ရှိမှာ CDM ဆရာ ဆရာမတွေကို ဖိနှိပ်နေတဲ့အပြင် ပညာရေးယန္တရားလည်ပတ်နိုင်ဖို့ တက္ကသိုလ်ဒီဂရီကောလိပ်တွေနဲ့ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးစားနေချိန်ဖြစ်ပါတယ်။
ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက" ထားဝယ် အကသ အနေနဲ့ CDM နဲ့ Non CDM ဆရာ ဆရာမတွေရဲ့ နာမည်စာရင်းထုတ်ပြန်နိုင်ဖို့ စောင့်ကြည့်နေပြီး CDM ဆရာ ဆရာမတွေရဲ့အခက်အခဲကို ကူညီနိုင်ဖို့ လုပ်ဆောင်နေပါပြီ။ အကယ်၍ ကျောင်းသားတွေ CDM လုပ်တာကို ဖိအားပေးလာတဲ့သူတွေရှိရင်လည်း social punishment လုပ်သွားဖို့ ရည်ရွယ်ထားတယ်'' လို့ ပြောပါတယ်။
ကျောင်းတွေဖွင့်မယ်ဆိုရင်လည်း နိုင်ငံတော်သစ္စာဖောက်လောက်ကောင် ဆရာ ဆရာမတွေကပဲ သင်ကြားမယ့် ပညာရေး ရပ်ဝန်းဖြစ်နေတာကြောင့် တနင်္သာတိုင်းဒေသကြီးအတွင်း ခရိုင်သုံးခရိုင်အတွင်းက ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းမတက်ဘဲ သပိတ်မှောက်ကြဖို့၊ CDM ကျောင်းသားတွေ အဖြစ် အရေးတော်ပုံမှာ ပါဝင်ပေးကြဖို့ ထားဝယ်မြို့နယ် အခြေခံ ပညာကျောင်းသားများသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
CDM လုပ်မယ့်ကျောင်းသားကျောင်းသူတွေကို ဆရာဆရာမ၊ မိဘ၊ ပတ်ဝန်းကျင်တစ်ခုခုက ကျောင်းပြန်တက်ဖို့ ဖိအားပေးလာခဲ့ရင် အဆိုပါသမဂ္ဂကို လာရောက်အကြောင်းကြားပေးဖို့လည်း ထုတ်ပြန်ထားပါတယ်။