အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ ကျောင်းတွေ ပြန်ဖွင့်လာခဲ့ရင် ကျောင်းပြန်မတက်ဖို့ မော်လမြိုင် လူငယ်တွေက ဧပြီ ၂၃ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
လူငယ်တွေကတော့ တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အတန်းဖော်တွေရဲ့ သွေးတွေ မခြောက်သေးကြောင်းနဲ့ သွေးစွန်နေတဲ့ လက်နဲ့ ပညာမသင်ဖို့ တိုက်တွန်းတာပါ။
အကြမ်းဖက် စစ်ကောင်စီဟာ လာမယ့် မေလဆန်းမှာ ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်နေသလို သူတို့နဲ့ ပူးပေါင်းထားတဲ့ ဆရာ ဆရာမတွေကိုလည်း သင်တန်းတွေ ပို့ချနေတာပါ။
မော်လမြိုင်မှာ စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေတဲ့ လူငယ်တွေ စုပေါင်း ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ပြောက်ကျားသပိတ် ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒပြ မော်လမြိုင်လူငယ်တွေကတော့ ဒီအရေးတော်ပုံ တိုက်ပွဲမှာ ဓမ္မသာနိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။