အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မယ့် တက္ကသိုလ်တွေမှာ လုံး၀တက်ရောက် ပညာမသင်ကြားဖို့ ပုသိမ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ကျောင်းသားများသပိတ်က မေလ ၃ရက်မှာ ထပ်မံ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေ၊ CDM မှာ ပါဝင်တဲ့ ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို စာနာထောက်ထားမှုမရှိ စစ်သူပုန်တို့ ကျွန်ပညာရေး အောက်မှာ ပညာသင်ကြားလိုတဲ့ မည့်သည်ကျောင်းသား ကျောင်းသူကို မဆို ပုသိမ်တက္ကသိုလ် ဘာသာရပ် ပေါင်းစုံ ကျောင်းသားသပိတ်က အောက်တန်းကျတဲ့ သစ္စာဖောက်လောက်ကောင်တွေ အဖြစ် သတ်မှတ်မယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံသပိတ် ကျောင်းသားကျောင်းသူတွေဟာ CDM ပြုလုပ်တဲ့ ဆရာ ဆရာမတွေနဲ့ အတူ ရပ်တည်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ဧပြီလ ၁၈ ရက်နေ့ကလည်း စစ်ကျွန်ပညာသင်ကြားမှုမလုပ်ဆောင်ဖို့ ကျောင်းသားတွေကို အသိပေးစာကို ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံတဝန်း တက္ကသိုလ်တွေကို မေလ ဆန်းမှာ ပြန်ဖွင့်လှစ်ဖို့ စီစဉ်နေတာဖြစ်ပြီး အာဏာသိမ်းကောင်စီ လက်အောက်ရှိ ပုသိမ်တက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကလည်း ကျောင်းတက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေကို ကျောင်းအတွင်း အဆောင်ထားရှိဖို့ စီစဉ်နေပါတယ်။