မန္တလေးမြို့မှာ မေလ ၂ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ ရပ်ကွက်တိုင်းလိုလိုမှာ အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းတာတွေရှိသလို သပိတ်စစ်ကြောင်းဖြိုခွင်းခံရတာတွေလည်း ရှိပါတယ်။
မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ ၈၆ လမ်း နဲ့ ၈၇ လမ်းမှာဆို လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။ ချမ်းမြသာစည်မြို့နယ် ၅၈ လမ်း၊ ၁၁၆ လမ်း နဲ့ ၁၁၇ လမ်းမှာလည်း အရပ်ဝတ်တွေနဲ့ ဖမ်းတဲ့အတွက် လူငယ် ၁ ဦး ဖမ်းခံလိုက်ရပြီး ၆၉ လမ်းနဲ့ စိန်ပန်းလမ်းကြားက လက်ဖက်ရည်ဆိုင်ကိုလည်း အရပ်ဝတ်နဲ့သေနတ်ကိုင်သူတွေ ဝင်ဖမ်းရာ ၃ ဦး ဖမ်းခံရတယ်လို့ သိရပါတယ်။
ဒီလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ရဲတိုင်းရုံးအနီး လမ်း ၃၀ ပေါ်မှာ ၆၅ လမ်း ကနေ ၆၈ လမ်းအထိ အတားအဆီးတွေချပြီး ပိတ်ထားပါတယ်။
ဘယ်လိုအတားအဆီးတွေရှိရှိ ပုံမှန်ထွက်နေကျ စစ်ကြောင်းတွေကတော့ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ချီတက်ခဲ့ကြပါတယ်။ အောင်မြေသာစံမြို့နယ်မှာဆိုရင် အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံသပိတ် ချီတက်ခဲ့ကြပြီး ရတနာပုံတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ စုပေါင်းထားတဲ့ သပိတ်နဲ့ မန္တလေး အခြေစိုက် တကသ များ စစ်ကြောင်းက နေရာအနှံ့ ချီတက်ခဲ့ကြပါတယ်။
ချမ်းအေးသာစံမြို့နယ် ၅၈ လမ်း၊ ၂၉ လမ်း လမ်း ၃၀ ဘက်မှာတော့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း စတင်ချီတက်နေတဲ့အချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ရောက်လာပြီး ကားနဲ့ တိုက်ကာ ဖြိုခွဲခံလိုက်ရပါတယ်။
ဒီလို ဖြိုခွဲခံရတာကြောင့် ဆန္ဒပြသူ ၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက်လုပ်ရပ်တွေကို လုပ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့ တွေဟာ ပြည်သူတွေစီက မတရားရယူထားတဲ့ ဆိုင်ကယ်တွေ၊ အိမ်စီးကားတွေ၊ မတရား ရယူထားတဲ့ လူမှုကူညီရေးအသင်းကားတွေနဲ့ လှည့်နေကြတဲ့အပြင် လက်နက်ကိုင် အရပ်ဝတ် တွေနဲ့ ကင်းပုန်းချထားတာကို တွေ့ရပါတယ်။