ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ အားကစားနဲ့ကာယပညာဦးစီးဌာနက CDM ဝန်ထမ်းတွေကို အလုပ်ကဖြုတ်ပြီးနောက် အဆောင်လိုင်းခန်းတွေကနေ ချက်ချင်းဖယ်ရှားဖို့ ဖိအားပေးခံနေရပါတယ်။
"မဖယ်ရင် အထုပ်တွေကို လမ်းဘေးမှာပစ်ထားပြီး လူကိုလည်း တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ပြီးပြောဆိုနေပါတယ်။ ညီမတို့လည်း အခု အလုပ်ကနေ အထုတ်ခံရပြီးပါပြီရှင့်။ အရမ်းပဲ ဖိအားတွေပေးနေပါတယ်။ ဝန်ထမ်း ၂ လစာ ချေးငွေလည်းပြန်ဆပ်ခိုင်းနေပါတယ်" လို့ ဝန်ထမ်းတယောက်က ပြောပါတယ်။
လက်ရှိမှာတော့ ရာထူးတိုးလျှော့တာ၊ အလုပ်ထုတ်ခံရတာအပါအဝင် အရေးယူခံထားရတဲ့ ဝန်ထမ်း ၃၈ ယောက်ရှိပါတယ်။
"အလုပ်ထုတ်ခံရတဲ့ ၃၈ ယောက်က နမူနာပါ။ ကြောက်အောင်ခြောက်ပြီး အလုပ်ထဲပြန်ဝင်အောင်လုပ်တာပါ။ ရုံးမှာက မိုးကျရွှေကိုယ်တွေအရမ်းများပါတယ်။ စစ်တပ်ကထွက်တဲ့ ၂ သီးစားတွေချည်းပါပဲ" လို့ ဝန်ထမ်းတယောက်က ပြောပါတယ်။
အား/ကာ ဦးစီးဌာနမှာ CDM လုပ်နေတဲ့ နည်းပြနည်းစနစ်မှူးတွေ၊ အားကစားသမားတွေနဲ့ ရုံးဝန်ထမ်းတွေ စုစုပေါင်း ၇၀၀ နီးပါး ရှိပြီး တချို့ကတော့ ရုံးက ဖိအားအမျိုးမျိုးကြောင့် ရုံးပြန်တက်တဲ့သူလည်းရှိတယ်လို့ သိရပါတယ်။