မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒေသထွက် ဒူးရင်းသီးတွေ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာနေပေမယ့် ရန်ကုန် ပွဲရုံတင်ပို့မှု အရောင်းအဝယ်မရှိတာကြောင့် ဒူးရင်းသီးတွေ ထင်သလောက် ဈေးကောင်းမရဘူးလို့ ဒူးရင်းစိုက်ပျိုးသူတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်က ဒူးရင်းသီး ဈေးတွေဟာဆိုရင် ကျပ် ၅၀၀၀ ကျပ်အထိ ရရှိပြီးတော့ အခုက ကျပ် ၂၀၀၀ သာ ရရှိသလို အခုလို စစ်အာဏာသိမ်းပြီးနောက် ဒူးရင်းသီးတွေ ရန်ကုန်ပွဲရုံဘက် တင်ပို့မှုကလည်း ကျဆင်းသွားတဲ့အပြင် အရောင်းအဝယ်ပါ ထိခိုက်ခဲ့လို့ အရှုံးပေါ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒူးရင်းသီး ရာသီပေါ်ချိန်မှာ ဈေးတွေ ပြီးခဲ့တဲ့ နှစ်က ရာသီလို ဈေးကောင်း ရရှိဖို့ မျှော်လင့်ထားခဲ့ပေမဲ့ အခုလို ဈေးတွေ ထက်ဝက်နီးပါးလောက် ကျဆင်းနေတဲ့အတွက် ဒူးရင်းသီးခြံ တောင်သူတွေလည်း ဝင်ငွေထိခိုက်နေပါတယ်။
ရေးမြို့နယ်မှာ ဒေသထွက် ရိုးရိုး ဒူးရင်းသီးတွေအပြင် ထိုင်းမျိုးစပ်ရှယ်သီးတွေပါ စိုက်ပျိုး တောင်သူတွေက တဖြည်းဖြည်းနဲ့ စိုက်ပျိုးလာခဲ့ကြပြီး မွန်ပြည်နယ်နဲ့ ရန်ကုန် ပွဲရုံဘက်ကို အဓိက ဒူးရင်းသီး သိန်းနဲ့ချီတင်ပို့လေ့ရှိပါတယ်။