အရေးပေါ်အာရုံစိုက်ဖို့လိုအပ်နေတဲ့ မြန်မာနိုင်ငံပြဿနာနဲ့ပတ်သက်လို့ အာဆီယံထိပ်သီး အစည်းအဝေးကြီးကနေ ထွက်ပေါ်လာမယ့် အဖြေကို ကုလလုံခြုံရေးကောင်စီက နေ စိတ်ထက်သန်စွာစောင့်ဆိုင်းနေကြတယ်လို့ အမေရိကန် သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ် ဂရင်းဖီးလ်ဒ်က သူ့ရဲ့ လူမှုကွန်ရက် ထွစ်တာကနေ ရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။
အာရှဒေသတွင်းလုံခြုံရေးအပေါ် မြန်မာစစ်တပ်ရဲ့ ခြိမ်းခြောက်နေမှုကို ရပ်တန့်နိုင်ဖို့ ကြေညာချက်တွေထုတ်ပြန်နေရုံနဲ့ မလုံလောက်နိုင်တော့ဘူးလို့လည်း ပြီးခဲ့တဲ့ ကုလသမ္မ လုံခြုံရေးကောင်စီ မြန်မာနိုင်ငံဆိုင်ရာကြားနာပွဲအပြီးမှာ အမေရိကန်သံအမတ်ကြီးက ပြောဆိုခဲ့ဖူးပါတယ်။
အာဆီယံခေါင်းဆောင်တွေရဲ့ အထူးထိပ်သီးအစည်းအဝေးကို ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပနေရာမှာ အာဏာသိမ်းစစ်ခေါင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ပါဝင် တက်ရောက်နေပါတယ်။