အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ မော်လမြိုင် မီးရထား ဝန်ထမ်း ၁၁၂ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်တယ်လို့ မြန်မာ့မီးရထားသွားလာပို့ရေးဌာနက ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
CDM လုပ်ထားတဲ့ မီးရထား ဝန်ထမ်းတွေဟာ ခွင့်မဲ့ ပျက်ကွက်တာ၊ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ခွင့်ရက်ပိုယူတာ၊ ခွင့်ရက်ကုန်ဆုံးပြီးနောက် လုပ်ငန်းခွင် ပြန်မဝင်ရဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ မီးရထားဝန်ထမ်းတွေမှာ ရုံပိုင်၊ ဒုရုံပိုင်၊ အကြီးတန်းစာရေးကနေ လက်မှတ်သိမ်း၊ ရထားထိန်းနဲ့ လုပ်သားအဆင့်တွေအထိ ပါဝင်ပါတယ်။
တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ မီးရထားဝန်ထမ်းတွေကတော့ အရေးတော်ပုံ အောင်မြင်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ DVB ကို ပြောပါတယ်။
မော်လမြိုင်က မီးရထားဝန်ထမ်းတွေဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားသလို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဝန်ထမ်းတွေလည်း ဖြစ်ပါတယ်။